အလှတွေဝေစည် ကျိုင်းတုံဆီ (သို့) ခေမရဌ်တိုင်းသို့
❤️❤️❤️❤️❤️❤❤️❤️❤️❤️❤️❤❤️❤️❤️❤️
ကျိုင်းတုံမြို့ဟာ စန္ဒာ့ကို စိတ်ဝင်စားစေတာကတော့ ညောင်ရွှေဟော်နန်းမှာ ကျိုင်းတုံဟော်နန်းဓာတ်ပုံကို မြင်ခဲ့စဉ်က အစပြုတယ်လို့ဆိုနိုင်ပါတယ်။
ကျိုင်းတုံကိုလာဖို့ ကြိုးစားခဲ့တာ တစ်နှစ်လောက်ရှိပါပြီ။ ကျိုင်းတုံမြို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကတော့ ရှမ်းစော်ဘွားမြို့ ဖြစ်ပြီး
ရှမ်းပြည် တောင်ပိုင်း၊မြောက်ပိုင်းနဲ့မတူတဲ့ အစားသောက်၊ ရိုးရာအိမ်တွေ၊ ရှေးဟောင်းဘုန်းကြီးကျောင်းတွေရဲ့ ထူးခြားတဲ့လက်ရာတွေ၊
ဘယ်နေရာမှ မတွေ့နိုင်တဲ့ ရှားပါးတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဓလေ့ထုံးတမ်းတွေရယ်၊ နောက်ဆုံးတခုက စပါးကိုအဓိကထားစိုက်ပျိုးကြတဲ့ ကျိုင်းတုံနယ်ရဲ့ လှေကားထစ်စပါးခင်းတွေပါပဲ။
ဒါကြောင့် ကျိုင်းတုံကိုလာမယ်ဆိုရင် ရသမျိုးစုံခံစားလို့ရနိုင်ပါတယ်။
❤️❤️❤️ကျိုင်းတုံမြို့နောက်ခံသမိုင်း
တောင်ရိုး တောင်စဉ်တွေပတ်လည်ဝိုင်းနေတဲ့ ကျိုင်းတုံချိုင့်ဝှမ်းဟာ တချိန်က ရေပြင်အနေနဲ့ တည်ရှိခဲ့တာပါ။ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့်ရာဇဝင်ထဲမှာတော့ အဲဒီရေပြင်ကြီးကို တရုတ်နိုင်ငံဘက်မှရသ့တုံက တောင်ဝှေးနဲ့ ခြစ်ကြောင်းဆွဲရာက ရေတွေစီးဆင်းသွားတယ်တဲ့။
ကျိုင်းတုံကို ဂေါတမ မြတ်စွာ ဘုရားရှင်ကြွလာတဲ့အချိန်တုန်းက ရေမမြုပ်တဲ့နေရာ၇နေရာရှိတယ်တဲ့။ ဘုရားရှင်ရဲ့ တောင်ဝှေးတော်ကို ရှင်အာနန္ဒာဟာ ဆွမ်ဆောက်နေရာမှာစိုက်ခဲ့တယ်တဲ့။
အပေါ်မှာပြောခဲ့တဲ့ ရသေ့တုံအသုံးပြုခဲ့တဲ့ တောင်ဝှေးဟာ အရှင်အာနန္ဒာ စိုက်ခဲ့တဲ့ တောင်ဝှေးပေါ့။ဒါကတော့ ကျိုင်းတုံဖြစ်ပေါ်လာပုံပါ။
ကျိုင်းတုံမြို့ဟာ တိုင်းရင်သားလူမျိုးပေါင်း ၃၀ကျော်နေထိုင်ကြပြီး မြန်မာနိုင်ငံမှာရှိတဲ့ မြို့များအနက် အများဆုံး တိုင်းရင်းသားနေထိုင်တဲ့ ဒေသတခုပါ။
အများစုဟာ ဂုံရှမ်းလူမျိုးများဖြစ်ကြပြီး တောင်ပေါ်မှာတော့ အာခါ၊အားခေ၊အဲန်၊လားဟူ၊ကော်၊ကွိ၊တိုင်းလွိုင်၊ဝစတဲ့တိုင်းရင်းသားတေ ွနေထိုင်ကြတယ်။
တောင်ပေါ်၊ မြေပြန့် နေထိုင်ရာ ဒေသအလိုက် စိုက်ပျိုးတဲ့သီးနှံတွေ ကွဲပြားကြတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြတဲ့ ငြိမ်းချမ်းတဲ့မြို့ဆိုလည်းမမှားပါဘူး။
စော်ဘွားဆက်တွေကတော့ မာန်ကုမ်၊ မာန်ကျိန် ဆိုတဲ့ ဝစော်ဘွား၂ ဆက်နဲ့စတင်ပြီးနောက် ရှမ်းစော်ဘွားဆက် ၄၀ တိုင်အောင် အုပ်ချုပ်ခဲ့တယ်။ နောက်ဆုံး စော်ဘွားကတော့ စဝ်ဆိုင်လုံဖြစ်ပါတယ်။
မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါးပေါက် ၁၂ပေါက်ရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် ကျိုင်းတုံမြို့ရဲ့ တခေတ်တခါက ခမ်းနားမှုကို မှန်းဆနိုင်ပါတယ်။ကျိုင်းတုံကို ရောက်မယ်ဆိုရင် ကျိုင်းတုံမြို့တွင်းလည်ပတ်ရုံတင်မကဘဲ ကျိုင်းတုံမြို့ပတ်တ်ပတ်လည်မှာရှိတဲ့တိုင်းရင်းသားကျေးရွာတွေ၊ ပင်ယ်ရေမျက်နှာပြင် ပေ၅၅၄၂ပေ မှာရှိတဲ့ လွိုင်မွေတောင်စခန်းမြို့၊ တာချီလိတ်နဲ့ မိုင်းလားနယ်စပ်မှာ ရှိတဲ့ ရှေးဟောင်း ဘုန်းကြီးကျောင်းကို သွားရောက်လို့ရသေးတယ်။ အခုတော့ မိုင်းလားဘက်ကို ခရီးသွားတွေ သွားရောက်လည်ပတ်ခွင့်ပိတ်ထားပါတယ်။
စန္ဒာကတော့ ကျိုင်းတုံမြို့တွင်းရယ်။ ရွာတွေရယ်၊လွိုင်မွေရယ်ကိုသွားခဲ့ပါတယ်။ ရွာတွေအကြောင်းကို ဆောင်းပါးခွဲပြီး တင်ပြပါ့မယ်။
ကဲဒီလောက်ဆို ကျိုင်းတုံကို သွားချင်ပြီလား?
❤️❤️❤️ကျိုင်းတုံကိုဘယ်လိုသွားကြမလဲ
လေယာဉ်နဲ့သွားတာ အကောင်းဆုံးပဲ။ အချိန် ၁နာရီခွဲပဲကြာပြီး သက်တောင့်သက်သာဖြစ်ပါတယ်။လေယာဉ်စရိတ် အသွားအပြန် ၂သိန်းရှိပါတယ်။
ဘယ်မှာတည်းမလဲဆိုရင်တော့ ကျိုင်းတုံဟာ tourism zone ဖြစ်တဲ့အတွက် တည်းခိုစရာနေရာတွေ ပေါပါတယ်။ပြည်တွင်းခရီးသွားတွေသာ အလာနည်းပေမယ့် နိုင်ငံခြားခရီးသွားတွေမကြာခဏလာတတ်တဲ့ မြို့ဖြစ်ပါတယ်။
စန္ဒာကိုတော့ သမိုင်းအကြောင်းသုတေသနပြုလေ့လာရေးသားနေတဲ့ ကိုရန်နောင်စိုးက ခေမရဠ ဟိုတယ်မှာတည်းဖို့ အကြံဉာဏ်ပေးခဲ့တယ်။ အဲ့အတွက်ကိုရန်နောင်စိုးကိုလည်းကျေးဇူးတင်ပါတယ်။
တစ်ယောက်တည်းခရီးသွားခဲ့တဲ့အတွက် အဆင်မပြေမှာစိုးရိမ်ပေမယ့် ဟိုတယ်က ဂိုက်ရှာပေးတယ်၊ ဂရုစိုက်ပေးတဲ့အတွက်တော်တော်လေး ကို အဆင်ပြေပါတယ်။
ဒါကြောင့် ဟိုတယ်ပိုင်ရှင် ဦးရဲမြင့်အောင်နှင့်အတူ ဟိုတယ်ဝန်ထမ်းတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဦးရဲမြင့်အောင်ကိုယ်တိုင် ကျိုင်းတုံသမိုင်းယဉ်ကျေးမှုတွေကို ဖော်ထုတ်ရေးသားနေသူ
ဖြစ်တဲ့အတွက် ကျိုင်းတုံရဲ့ ယဉ်ကျေးမှုကို လေ့လာချင်သူတွေကို ကူညီပေးလေ့ရှိပါတယ်။ ဟိုတယ်မှာ solo traveller တွေအတွက် တစ်ယောက်ခန်းတွေလည်းရှိပါတယ်။၁၂၅၀၀ ကစပြီး အခန်းအမျိုးအစားတွေရွေးချယ်လို့ရပါတယ်။
ံဟိုတယ်ရဲ့ ဖုန်းနံပါတ်က ၀၈၄၂၂၆၉၁ ပါ။ Guide ဈေးနှုန်းကတော့ တစ်နေ့ကို နိုင်ငံခြားသားဆို ဒေါ်လာ ၃၀ ပေးရပါတယ်။ စန္ဒာ့ကို Local ဖြစ်တဲ့အတွက် ၂၅၀၀၀ ပဲယူပါတယ်။ လည်ပတ်ဖို့ကတော့ ကားငှားလို့ရတယ်။ ဆိုင်ကယ်ငှားလို့ရပါတယ်။
စန္ဒာကတော့ ဂိုက်အမရဲ့ ဆိုင်ကယ်နဲ့ပဲလည်ဖြစ်ခဲ့တယ်။ သွားသင့်တဲ့အချိန်တွေကတော့ ခရီးသွားရာသီတွေဖြစ်တဲ့ ဆောင်းရာသီနဲ့ နွေရာသီက အကောင်းဆုံပါပဲ။ စန္ဒာသွားတဲ့အချိန်က Low season ဖြစ်တော့ တိုင်းရင်းသားရွာတွေဆို ရိုးရာဝတ်စုံဝတ်ထားတာကို သေချာမတွေ့ခဲ့ရတာရယ်၊
တချို့နေရာတွေဆို ပိတ်ထားတာတွေရှိပါတယ်။ရှေးဟောင်းဘုန်းကြီးကျောင်းတွေနဲ့ ရွာတွေအကြောင်းကို အသေးစိတ်လေ့လာမယ်ဆိုရင် အချိန်က အနည်းဆုံးငါးရက်လိုပါတယ်။
ကဲလေ့လာရေးခရီးစရအောင်…
❤️❤️❤️ကျိုင်းတုံမြို့မဈေး
ကျိုင်းတုံကိုရောက်ရင် အရင်ဆုံးသွားသင့်တဲ့နေရာပါ။ စော်ဘွား စဝ်ကောင်ကျောက်အင်တလိုင် လက်ထက်မှာစတည်ဆောက်ခဲ့တာဖြစ်ပြီး ယခုအခါ ဆိုင်ခန်းပေါင်း ၁၀၉၈ ခန်းရှိပါတယ်။
မနက်၆နာရီ မှာဖွင့်ပြီး နေ့လည်၁၁နာရီဆိုပိတ်တယ်လေ။ စန္ဒာကတော့ကျိုင်းတုံကို ရောက်ရောက်ချင်း ဈေးထဲကိုသွားပြီးမနက်စာစားခဲ့တယ်။
ကျိုင်းတုံရှမ်းခေါက်ဆွဲဟာ ရှမ်းပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းက ခေါက်ဆွဲတွေနဲ့ မတူဘူး။ ဂျုံ၊ ဆန်နဲ့ဖက်ထုပ်ရှိပြီး ဝက်သားလုံးနဲ့စားရတာက တော်တော့်ကိုအရသာရှိပါ့။
စားနေရင်းနဲ့ ဘေးမှာကို ဝက်သားလုံးလုပ်နေတာကိုတောင် မြင်ရတယ်လေ။ဒါ့ကြောင့် ပြည်ပကတင်သွင်းတဲ့ အသားလုံးတွေထက် လတ်ဆတ်သန့်ရှင်းပြီးအရသာရှိတာပေါ့။
မြို့မဈေးထဲမှာ အဓိက စန္ဒာလေ့လာခဲ့ကတော့ အစားအသောက်တန်းရယ်၊အသီးအရွက်တန်း၊ လားဟူ၊အခါ စတဲ့တိုင်းရင်းသားတွေရဲ့ ဝတ်စုံတွေရောင်းတဲ့နေရာရယ်၊
ငွေဒဂါးပြားတွေ ရောင်းဝယ်တဲ့နေရာ တွေကိုအဓိကထားပြီး သွားခဲ့တယ်။ အစားအသောက်တန်းကတော့ ကျိုင်းတုံမြို့မဈေးရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာပါ။
ပဲနို့ခဲ၊ ကျိုင်းတုံဝက်အူချောင်း၊ဝက်ခေါက်၊ဟင်းထုပ်၊ဝက်ဦးနှောက်ထုပ်၊ မျှစ်ဒုက္ခ၊ငါးဒုက္ခ၊ ပုစဉ်းရင်ကွဲလိုမျိုး ပိုးကောင်ကြော်စုံ တွေလည်းတွေ့ရပြီး ရောင်စုံကောက်ညင်းတွေကတော့ ချစ်စရာကောင်းသလို စားချင်စရာပါ။
တောင်ပေါ်တိုင်းရင်းသားအချို့လည်း ရိုးရာဝတ်စုံတွေဝတ်ပြီး ဈေးလာရောင်းတာကိုလည်း တွေ့နိုင်ပါတယ်။တိုင်းရင်းသားရိုးရာဝတ်စုံတွေမှာ အခါတိုင်းရင်းသာတွေရဲ့ ဝတ်စုံကတော့ ဈေးအကြီးဆုံးပါ။ ငွေ ၊ ငွေဒင်္ဂါးတွေနဲ့ ပြုလုပ်ထားပြီး ဦးထုပ်တစ်လုံးနဲ့တင် ၁၀ သိန်းကျော်ပါတယ်။
ငွေဒင်္ဂါပြားရောင်းဝယ်တဲ့နေရာကတော့ တောင်ပေါ်မှာ ငွေဒင်္ဂါးပဲ သုံးကျတော့ မြို့တက်လာတဲ့အခါ ငွေစက္ကူတွေနဲ့ ဖလှယ်သုံးတယ်လို့သိရတယ်။ ဒါလည်းစိတ်ဝင်စားစရာနေရာပါပဲ။
ကျိုင်းတုံမြို့မဈေးမှာ ရိုးရာလုပ် ပစ္စည်းတွေတင်မကဘဲ ထိုင်းနဲ့ တရုတ်ကဝင်တဲ့ အသုံးအဆောင်ပစ္စည်းတွေလည်းပေါပါတယ်။
❤️❤️❤️သစ်တစ်ပင်တောင်
သစ်တစ်ပင်တောင်လို့ ပြောလိုက်ရင် ကျိုင်းတုံကိုရောက်နေပြီဆိုတာ ပြောပြစရာမလိုအောင် ကျိုင်းတုံရဲ့ အထိမ်းအမှတ်တစ်ခုပေ့ါ။ ၁၇၅၃ ခုနှစ်မှာ ကျိုင်းတုံ၊ကျိုင်းဟုန်၊မိုင်းလျန် မှာအုပ်ချုပ်တဲ့ စော်ဘွားညီအစ်ကို၃ဦးဟာ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီပြီး
ငြိမ်းငြိမ်းချမ်းချမ်း အုပ်ချုပ်ကြမယ်လို့ သစ္စာဆိုတဲ့အထိမ်းအမှတ်အဖြစ် ကညင်ဖြူ ၃ ပင်ကို နေရာ၃နေရာမှာစိုက်ခဲ့ပါတယ်။အဲဒီအထဲကမှ ကျိုင်းတုံစော်ဘွားစဝ်ဆဲန် စိုက်ခဲ့တဲ့ စွမ်မွန်းကုန်းက အပင်ပဲခုထိ ထီးထီးမားမားကျန်ရှိနေသေးတာပေါ့။
အမြင့်ပေ ၂၁၈ ပေ၊ အောက်ခြေလုံးပတ် ၃၉ ပေ ၁၀ လက်မ၊ ရင်စို့လုံးပတ်၃၆ ပေ ၈ လက်မရှိပါတယ်။ သစ်တစ်ပင်တောင်မှာ စေတီ၂ဆူရှိပါသေးတယ်။ သစ်ပင်နားမှာပဲ ကြိုးတံတားလေးကို လှမ်းတွေ့ရလိမ့်မယ်။ တိမ်ကောနေတဲ့
ကျုံးနဲ့ မြို့ရိုးကိုမြင်လိုက်ရင်တော့ လွမ်းသလိုလို ဆွေးသလိုလိုပါပဲ။
❤️❤️❤️စွမ်မွန်းကုန်းမှာရှိတဲ့ ယွန်းထည်လုပ်ငန်း
သစ်တစ်ပင်တောင်ကအပြန် ရှမ်းရိုးရာယွန်းထည် လုပ်ငန်းကိုလည်းဝင်ရောက်လေ့လာခဲ့ပါတယ်။ကံကောင်းတော့ ယွန်းကြိုးလုပ်နေတာလည်းတွေ့ခဲ့ရသေးတယ်။
ပုဂံကလက်ရာတွေနဲ့ မတူဘဲ ရွှေရေးတွေကိုဖောင်းကြွ အလှဆင်ထားတာပါ။ရှားပါးတဲ့ယွန်းလက်ရာတွေပေါ့။ ရွှေဆိုင်းအစစ်တွေကို သုံးထားတဲ့အတွက် တန်ဖိုးကြီးပါတယ်။
ဒီတခါ တစ်ယောက်တည်းခရီးထွက်လာခဲ့တော့ ငွေချွေတာခဲ့ရတယ်။ နောက်တခေါက် ကျိုင်းတုံရောက်ရင် စွမ်မွန်းကုန်းက ယွန်းထည်ကို သေးသေးဖြစ်ဖြစ် ဝယ်ပြီး သိမ်းထားဦမယ်။
❤️❤️❤️မြို့လယ်မဟာမြတ်မုနိဘုရား
စော်ဘွားစဝ်ကောင်ကျောက်အင်တလိုင်က သက္ကရာဇ်၁၉၂၁ မှာ တည်ထားပူဇော်ခဲ့တာပါ။ မန္တလေးက ပန်းပုပညာရှင်ကြီးကို မန္တလေးမဟာမြတ်မုနိပုံတော်အတိုင်း သွန်းလုပ်စေခဲ့တာပါတဲ့။
မဟာမြတ်မုနိဘုရားကို ၃ ခါဖူးရရင် ကျိုင်းတုံကို မဖြစ်မနေပြန်လာရတယ်တဲ့။စန္ဒာကတော့ အထဲကိုတခါပဲဖူးဖြစ်ပေမယ့် အပြင်ကနေတော့ ခဏခဏ ပတ်ဖြစ်တယ်။ 😀
❤️❤️❤️စော်ဘွားဟော်နန်း
စော်ဘွားဟော်နန်းဟာ ဖြိုချဖျက်ဆီးခြင်းခံခဲ့ရပြီး အဲနေရာမှာ ဟိုတယ်တည်ဆောက်ထားတာပါ။Keng Tung Resort ရှေ့ရောက်ရင် ရှမ်းလူမျိုးတွေရဲ့ ကြေကွဲဝမ်းနည်းမှုကို ထပ်တူခံစားရပါလိမ့်မယ်။
ဟော်နန်းရာ ရဲ့ တဘက်မှာ စော်ဘွားစဝ်ဆိုင်လုံ ရဲ့ညီ စဝ်ဘုံဝှက်ရဲ့ ဟော်ကိုတွေ့ရလိမ့်မယ်။ ခုချိန်ထိတိုင်အောင် လှပခန့်ညားတုန်းပါပဲ။ အစောင့်တွေရှိပြီး အိမ်ထဲကိုဝင်ခွင့်မပြုပါဘူး။
အဲတော့ ခြံပြင်ကပဲဓာတ်ပုံရိုက်ခဲ့ရတယ်။ 😀
❤️❤️❤စွန်တောင်း (ခေါ်) စွန်ခမ်း
မူလနာမည် စွန်တောင်းကနေ စွန်ခမ်းဖြစ်ပေါ်လာပုံက တောင်းဆိုတာ ကြေးလို့ အဓိပ္ပာယ်ရပြီး ခမ်းဆိုတာရွှေဖြစ်တဲ့အတွက် ပြောင်းလဲခေါ်ဝေါ်ကြတာတဲ့။
ဘုရားရှင်ကြွလာတုန်းက ရေမဝပ်တဲ့နေရာ ၇ နေရာထဲက တစ်ခုပါဝင်တဲ့ စွမ်ဆန်ကုန်းမှာရှိတာပါ။ ဘုရားရှင်ဆံတော်၆ဆူဌာပနာထားတယ်လို့သိရပါတယ်။
ဘုရားမှာထူးခြားတာကနံရံတွေက သစ်သားနံရံ အနီရောင်ပေါ်မှာ ရွှေဆေးရေးတွေနဲ့ ဘုရားဇာတ်နိပါတ်တော်တို့၊ ဂုံရှမ်းယဉ်ကျေးမှုတွေကို ရေးဆွဲထားတာပါ။
ပုံစံမတူ ဆင်းတုတော် အကြီးအသေးတွေကို အလယ်ပလ္လင်ပေါ်မှာ တည်ထား ပူူဇော်ထားတာက ဒီမှာတွေ့ရတဲ့ ယဉ်ကျေးမှုတစ်ခုပေါ့။
❤️❤️❤ဝပ်အင်းဘုန်းကြီးကျောင်း
ဝပ်အင်းရပ်ကွက်၊ အလက(၃)ကျောင်းနားမှာရှိတာပါ။ရှေးဟောင်းဘုန်းကြီးကျောင်းဖြစ်ပြီး လက်ရာတွေက စန္ဒာတို့ပုံမှန်မြင်ဖူးနေကျ အောက်ပြည်နဲ့ အထက်အညာက ကျောင်းကန်တွေနဲ့ မတူပါဘူး။
အဝင်ဝက မှန်စီရွှေချတွေနဲ့ တန်ဆာဆင်ထားပြီး အနုစိပ်လှပါတယ်။ ဒေါင်းရုပ်ပုံစံကို သရုပ်ပြကွက်အမျိုးမျိုးနဲ့ မှန်စီရွှေချလက်ရာ တွေနဲ့ ပုံဖော်ထားတာက ရှားပါးလက်ရာတွေပါပဲ။
ကျိုင်းတုံမှာရှိတဲ့ ဘုန်းကြီးကျောင်းတော်တော်များဟာ နံရံဖြစ်စေ၊ မျက်နှာကျက်ဖြစ်စေ အနီရောင်အောက်ခံမှာရွှေဆေးရေးတွေ ကို သုံးကြပါတယ်။
ဘုရားဇာတ်နိပါတ်တော်တွေနဲ့ ဂုံရှမ်းလူမျိုးတို့ရဲ့ယဉ်ကျေးမှုပြယုဂ်များကို ခြယ်မှုန်းထားကြတာကို တွေ့ရပါတယ်။ဝပ်အင်းဘုန်းကြီးကျောင်းမှာတော့ ပင်မအခန်းမှာ ထိုင်တော်မှုရုပ်ပွားတော်မြတ်ကြီးကို ဝင်ပေါက်ကနေ
ဝင်ဝင်ချင်း ဖူးမြော်ရပြီး ဘုရားရဲ့ တဘက်တချပ်မှာ၊ ရပ်တော်မှု ဘုရားဆင်တုတော် နှစ်ဆူရှိပါတယ်။ ဘုရားရဲ့ ကျောဘက်အခန်းမှာ ရပ်တော်မူ၊ထိုင်တော်မူ အဆူဆူရှိပြီး ကျောဘက်ကပ်လျက်မှာ ဂုံရှမ်းစာနဲ့ ကျောက်စာ
တစ်ချပ်ရှိပါတယ်။ ဒီဘုန်းကြီးကြောင်းရဲ့ သမိုင်းကြောင်းကို သိရန်ခက်သလို သက်တမ်းကို မှန်းဆရန်ခက်ပါတယ်။ဒီကရှေ့ဟောင်းဘုန်းကြီးကျောင်းတွေက ကျွန်းတိုင်လုံးတွေကိုသုံးထားပြီး ကျွန်းယက်မတွေနဲ့ တိုင်တွေကိုဖောက်ထားကြတယ်။သံမသုံးဘဲ သစ်သားစို့တွေပဲသုံးထားတာ ထူးခြားတဲ့ လက်မှုပညာပေါ့။စန္ဒာ သဘောအကျဆုံးလက်ရာကတော့ ဘုရာကြီးရဲ့ ဦးခေါင်းတော်ထိပ်မှာရှိတဲ့ မျက်နှာကျက်ဟာ နဂါးပုံစံ ရွှေဖောင်းကြွနဲ့
စီခြယ်ထားတာကိုပါ။ စာဖတ်သူတွေလည်း မြင်တွေ့ရရင် အံသြမင်သက်သွားမှာ အသေအချာပါ။
❤️❤️❤ယန်းကုန်းဘုန်းကြီးကျောင်း
ယန်းကုန်းဘုန်းကြီးကျောင်းကို စန္ဒာပြန်ခါနီး နောက်ဆုံးနေ့မှ မနက်ပိုင်းလေး အပြေးသွားခဲ့ရတာပါ။ လိုက်ပို့ပေးတဲ့ ခေမရဠဟိုတယ်ပိုင်ရှင် ဦးရဲမြင့်အောင်ကို လည်း ကျေးဇူးအထူးတင်ပါတယ်။
ဒီဘုန်းကြီးကျောင်းက ကျိုင်းတုံကိုရောက်ဖူးသူတိုင်း ရောက်ခဲ့ကြမှာမဟုတ်သလို ဒေသခံတွေလည်း လူတိုင်းမသိကြဘူးတဲ့။ တခြားဘုန်းကြီးကျောင်းတွေလို ဝင်လွယ်ထွက်လွယ်တာမျိုးလည်းမဟုတ်ဘူး။
ကျောင်းဟောင်းတံခါးဝကိုလည်း ပိတ်ထားပါတယ်။ ဘုရားဖူးချင်လို့ပါဆိုပြီး ခွင့်တောင်းဖို့လိုပါတယ်။ ဒီဘုန်းကြီးကျောင်းရဲ့ ထူးခြားချက်ကတော့ ရွဲနဲ့တန်ဆာဆင်ထားတဲ့ ဘုရားဆင်းတုတော် ၃ဆူရှိတာပါ။
ဘုရား ၃ ဆူရဲ့ သင်္ကန်းတော်တွေကို ရွဲစလေးတွေနဲ့ အကွက်ဖော်ပုံက ထူးခြားလွန်းလှတယ်။ တစ်ဆူနဲ့ တစ်ဆူ အကွက်ပုံဖော်ထားခြင်းလည်း မတူပါဘူူး။
ပလ္လင်ကိုလည်း ရွဲစတွေနဲ့ မြှုပ်ပြီး စီခြယ်ထားပါတယ်။ စန္ဒာအဖို့ မျက်လုံးကနေ မခွာချင်အောင် ငေးမော ဖူးမြော်ခဲ့ရတယ်။
ဘုန်းကြီးကျောင်းတွေကတော့ သမိုင်းကြောင်းကို သိခွင့်ရဖို့ထက် ဆန်းကြယ်တဲ့လက်ရာတွေကိုပဲ လေ့လာဖြစ်ပါတယ်။ဘုန်းကြီးကျောင်းရဲ့ သက်တမ်းကို မှန်းဆလို့မရပေမယ့်
ကျောင်းဝင်းအတွင်းမှာရှိတဲ့ သရက်ပင်လုံးပတ်ကတော့ တော်တော်ကိုကြီးတဲ့အတွက် နှစ်၁ရာကျော်အနည်းလေးရှိလောက်ပါတယ်။ ယန်ကုန်းရပ်ကွက်က တစ်ရပ်ကွက်လုံး အိုးလုပ်ငန်းလုပ်ကိုင်ကြပါတယ်တဲ့။
လေ့လာချင်တယ်ဆိုရင် ဝင်လေ့လာကြပေါ့နော်။
❤️❤️❤ခေမင်းဘုန်းကြီးကျောင်း
ဒီဘုန်းကြီးကျောင်းက ရှေးဟောင်းလက်ရာကိုလေ့လာတာထက် ဘုန်းကြီးကျောင်းဝင်းထဲက စော်ဘွားကတော်တွေရဲ့ အုတ်ဂူနဲ့ ကျောက်စာကိုလာလေ့လာတာပါ။ စော်ဘွားကတော်ဂူတွေနားမှာပဲ မြို့ရိုးဟောင်းရှိတယ်။
လူနေအိမ်တွေနဲ့ ကပ်နေပါပြီ။ ကျောက်စာတစ်ချပ်ကတော့ ဂုံရှမ်းစာနဲ့ ရေးထိုးထားတာကိုတွေ့ရပါတယ်။
❤️❤️❤ရပ်တော်မူဘုရား
၁၉၉၂ မှာတည်ထားကိုးကွယ်ခဲ့ပြီး ဉာဏ်တော် ၆၇ပေ ၆လက်မရှိပါတယ်။ ရှေးဟောင်းဘုရားမဟုတ်ပေမယ့် ဘုရားကိုဖူးမျှော်လိုက်ရရင် စိတ်ကြည်နူးရတဲ့အတွက် ကျိုင်းတုံရဲ့ သွားသင့်တဲ့နေရာထဲမှာပါပါတယ်။
❤️❤️❤RCM Church
အီတာလျံ ရိုမန်ကက်သလစ် သာသနာပြုတွေ ၁၉၁၂ မှာရောက်ရှိခဲ့စဉ်က ဆောက်လုပ်ခဲ့ကြတာပါ။ ရေမဝပ်တဲ့ ၇ နေရာမှာပါတဲ့ ဆွမ်ဆာက်ကုန်းပေါ်မှာ တည်ရှိတာပါ။
စန္ဒာကအပြင်ကျောင်းရှေ့မှာပဲ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ အတွင်းကျောင်းက ရောင်စုံမှန်တံခါးတွေနဲ့ပိုလှတယ်။
❤️❤️❤နောင်တုံကန်
နောင်တုံကန်ဟာ ကျိုင်းတုံရဲ့ ဇာတ်လိုက်ဆိုလည်းမမှားပါဘူး။ကျိုင်းတုံရာဇဝင်အစမှာသူကပါခဲ့တာလေ။ ရန်ကုန်က အင်ယားကန်လိုပဲ ညနေဆို လာရောက်အပန်းဖြေသူတွေရှိတယ်။
ကန်ပတ်ပတ်လည်မှာ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ အကင်ဆိုင် တွေရှိတယ်။ ကန်ဘေးက မမေ့နိုင်ဆိုတဲ့ ဆိုင်မှာ ဝက်သားချဉ်ကြော်နဲ့ ထမင်းစားလို့ကောင်းတယ်။ ဒါပေမယ့် စားဖို့ တော်တော်လေးစောင့်ရတာ မေ့မတတ်ပါပဲ။ 😀
နောက်ပြီး ကန်ပတ်လမ်းမှာရှိတဲ့ ကောက်ညှင်းကင်နဲ့ ကြက်ခြေထောက်မာလာလည်း စားလို့ကောင်းတယ်။တစ်ပွဲကို ၁၅၀၀ ပါ။
❤️❤️❤ကျိင်းခုံရပ်ကွက်
ကျိုင်းခုံရပ်ကွက်မှာရှိတဲ့ ရိုးရာအစားသောက်တွေကတော့ မြည်းစမ်းသင့်ပါတယ်။ စားသောက်ဆိုင်တန်းလေးက ကျိုင်းခုံ ဘုန်းကြီးကျောင်းရှေ့မှာ ရှိပါတယ်။
စန္ဒာစားခဲ့တာကတော့ ခေါက်ဆွဲခပ်တဲ့ ကြက်ဥလေးပါပါတယ်။ စားလို့ကောင်းတယ်။ ကျိုင်းတုံရောက်ပြီး ကျိုင်းခုံရပ်ကွက်က အစားသောက်တွေ မမြည်းစမ်းခဲ့ရဘူးဆိုရင်တော့ ခေတ်နောက်ကျသွားမယ်နော်။
❤️❤️❤စော်ဘွားသင်္ချိုင်း
စော်ဘွားတွေရဲ့ အုတ်ဂူရှိရာနေရာဖြစ်ပြီး တစ်နှစ်မှာတစ်ရက်သာ သင်္ချိုင်းတံခါးကို ဖွင့်ပါတယ်။ အဲဒီနေ့ဆိုရင် စော်ဘွားဈေးအဖြစ်ကျင်းပပြီး တော်တော်စည်ကားပါတယ်တဲ့။ မတ်လမှာကျင်းပပါတယ်။
❤️❤️❤ပါလျန်တံခါး
ကျိုင်းတုံမြို့ရဲ့ တံခါး ၁၂ပေါက်မှာ ကျန်ခဲ့တဲ့ တစ်ခုတည်းသော တံခါးပေါက်ပါ။ ပုဂံက သရပါတံခါးနဲ့တောင်ခိုင်းနှိုင်းကြပါတယ်။ ကျိုင်းတုံရောက်ရင် ပါလျန်တခါးကိုမရောက်မှာတော့ စိတ်မပူပါနဲ့။လွိုင်မွေ ကိုသွားရင်သူကနေဖြတ်သွားရပါတယ်။
❤️❤️❤စွန်လွဲ (ခေါ်) ကမ္ဘာအေးဘုရား
စွန်လွဲဘုရားက ကျိုင်းတုံမြို့ပြင်မှာရှိတာပါ။ ဘုရားဆီ သွားဖို ၁နာရီလောက်ကြာပါတယ်။ ဝလူမျိုးမာင်နှံက တည်ထား ကိုးကွယ်ခဲ့တာပါတဲ့။
မြတ်စွာဘုရားရှင်က ဝမောင်နှံကို ဆံတော်၈ဆူ ပေးသနားခဲ့ပြီး စေတီတစ်ဆူ တည်ဆောက်ဖို့ မိန့်ကြားခဲ့တယ်။ ဝလူမျိုးက စေတီကိုဘယ်လိုပုံစံတည်ရမလဲ မသိတော့ ဘုရားရှင်က ဝအမျိုးသားပါလာတဲ့ ခြင်းတောင်းကိုမှောက်ပြပြီး
အဲပုံစံတည်ဆောက်ဖို့ မိန့်ကြားခဲ့တယ်။ ဂူစေတီပုံစံဖြစ်ပြီး အပြင်ဘက်ကမြင်ရတာကတော့ အနီရောင်အောက်ခံပေါ်မှာ ရွှေဆေးရေးတွေနဲ့ လှပသေသပ်ပါတယ်။အမျိုးသမီးတွေကတော့ စေတီပေါ်တက်လို့မရပါဘူး။
ကမ္ဘာအေးဘုရားပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းကတော့ ဓာတ်ပုံဝါသနာပါသူတွေကို ဆွဲဆောင်လွန်းတယ်။ တောင်တန်းတွေရယ် လှေကားထစ်စပါးစိုက်ခင်းတွေရယ်ပေါင်းစပ်ထားတဲ့ အလှပေါ့။ စန္ဒာ့အဖို့ အဲဒီမြင်ကွင်းကနေ
မခွာနိုင်ဖြစ်ခဲ့ရတယ်လေ။
❤️❤️❤ကိုရင်လေးကျောင်း
ကမ္ဘာအေးဘုရားကနေ ဆက်လာရင်ရောက်ပါပြီ။ ကိုရင်လေးကျောင်းကတော့ ကရဝိတ်လှေပုံစံတည်ဆောက်ထားပါတယ်။ ရောက်လာသူတိုင်းကို ဆရာတော်က မေတ္တာရေပက်ဖျန်းပြီး ပရိတ်ကြိုးတွေ ချည်ပေးပါတယ်။ စန္ဒာတို့သွားတုန်းကဆို မရွေးမုန့်နဲ့ ရေ ဧည့်ခံပါတယ်။
ရှေးဟောင်းကျောင်းတော့မဟုတ်ပေမယ့် နယ်မြေဒေသတစ်ခုရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ လေ့လာလို့ရပါတယ်။
❤️❤️❤ဝစီပိတ် ကဗျာသင်္ချိုင်း
ဝစီပိတ်ဆရာတော်ရဲ့ ကျောင်းတည်ရှိပြီး ကျောင်းဝင်းထဲမှာ ကဗျာတွေကို အုတ်ဂူပုံစံမှာ ရေးထိုးထားတာပါ။ လုပ်ထားတဲ့ စိတ်ကူးလေးကလည်းတော်တော်ကောင်းတယ်။
ကျောင်းဝင်းထဲကို ဝင်ရင် စကားတိုးတိုးပြောဖို့ သတိပြုပါနော်။ဂူပေါ်က ကဗျာတွေကို လိုက်ဖတ်ရတာကိုက အရသာတမျိုးပါ။ စန္ဒာတော့ တော်တော်သဘောကျတယ်။
အဲဒီထဲကမှ ကဗျာလေးတခုက ” အမြင့်ကိုတက်ဖို့လမ်းကို ကြိုးစာရှာရင်း တက်ရင်းနဲ့ ဆင်းရမယ့်လမ်း မေ့သွားတာမျိုးမဖြစ်စေနဲ့ ” တဲ့။
❤️❤️❤ဗုဒ္ဓဥယျာဉ်
မြို့ထဲကနေ ဆိုင်ကယ်နဲ့ ၁နာရီခွဲလောက်သွားရပါတယ်။ အပန်းလည်းဖြေရင်း သဘာဝအလှတွေငေးမောကြည့်ချင်တယ်ဆိုရင် ဒီနေရာလေးက အကောင်းဆုံးပါ။
ဗုဒ္ဓဥယျာဉ် ကိုသွားရာ လမ်းတလျှောက်လုံး တောင်တန်းတွေကအဖော်ပြုနေလေရဲ့။ ဥယျာဉ်ပေါ်ကိုတက်ရင် တည်ဆောက်ဆဲ ဘုရားဆင်းတုတော်ကျောင်းလေးတွေရှိတယ်။
ဝစီပိတ်ကဗျာသင်္ချိုင်းလို ဂူပေါ်မှာကဗျာတွေရေးထိုးထားတယ်။ ဂူပုံစံချင်းတော့ မတူပါဘူး။ မတ်ရပ်ဂူတွေမှာ ကဗျာတွေရေးထိုးထားသလို၊ နံရံပတ်ပတ်လည်မှာလည်း ရေးထိုးထားတာတွေလည်း ရှိတယ်။
သဘောကျစရာလေးပါ။ ဗုဒ္ဓဥယျာဉ်ကို သွားတဲ့လမ်းမှာ Mountain View Cafe ဆိုတာရှိတယ်။ စန္ဒာကတော့ View လှလှလေးကိုငေးရင်း ခေါပုတ်ကြော် နဲ့ ကော်ဖီသောက်ခဲ့တယ်။ ကော်ဖီအရသာကကောင်းတယ်ဆိုတော့
ကော်ဖီစေ့က ဒီနားက ရွာတွေကစိုက်တာပါတဲ့။ ဆိုင်က လားဟူဝတ်စုံတွေ အခမဲ့ငှားပေးတယ်။ အခင်းအကျင်းလေးက ချစ်စရာကောင်းတော့ ဓာတ်ပုံရိုက်လို့ကောင်းပေါ့။ဝင်ရောက်လည်ပတ်သင့်တဲ့နေရာလေးပါ။
စာဖတ်သူတို့ကျိုင်းတုံကိုရောက်လို့ အချိန်ရရင်၊ ကျိုင်းတုံရေတံခွန်၊ ပင်းတောက်ရေတံခွန် နဲ့ ရေပူစမ်းတို့ကိုသွားနိုင်ပါသေးတယ်။
❤️❤️❤❤️❤️❤❤️❤️❤❤️❤️❤❤️❤️❤
ဒါကတော့ ကျိုင်းတုံမြို့နား လည်ပတ်စရာတွေပါ။ ရွာတွေအကြောာင်းကိုတော့ နောက်ဆောင်းပါးတစ်ခုမှာထပ်ရေးပါ့မယ်။
စန္ဒာထပ်ပြောပြချင်တာကတော့ နေ့တပိုင်းလောက်အချိန်ပေးပြီးသွားရမယ့် လွိုင်မွေမြို့လေးအကြောင်းပါ။
စန္ဒာအပေါ်မှာ ပြောခဲ့သလိုမျိုး လွိုင်မွေမြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၅၄၂ပေမှာရှိတဲ့ တောင်ပေါ်စခန်းမြို့လေးပါ။
စန္ဒာ့ ဂိုက်အမနဲ့အတူ ဆိုင်ကယ်နဲ့ သွားခဲ့ပါတယ်။ ၂နာရီလောက်ကြာပါတယ်။ လွိုင်မွေမြို့ကို ပုံမှန်သွားကြတဲ့အချိန်က ဒီဇင်ဘာ နဲ့ ဇန်နဝါရီ ချယ်ရီတွေပွင့်တဲ့အချိန်ပေါ့။
တောင်ပေါ်ရေကန် လို့တင်စားကြတဲ့ လွိုင်မွေရေကန် ပတ်ပတ်လည်ဟာ ချယ်ရီပန်းတွေလှိုင်လှိုင်ပွင့်ပြီး လှနေတော့တာပါပဲ။အဲလိုအချိန်ဆို ပြည်တွင်း ပြည်ပ အနယ်အနယ်အရပ်ရပ်က ချယ်ရီပန်းတွေကြည့်ဖို့ ရောက်လာကြပါတယ်။
လွိုင်မွေကို သတိပြုမိတာလည်း ဒီအချက်ကြောင့်ပါပဲ။ ဒါပေမယ့် စန္ဒာ မိုးတွင်းကိုရွေးဖြစ်တာက ကျိုင်းတုံကနေ လွိုင်မွေကိုသွားတဲ့နေရာမှာ လှေကားထစ်စပါးခင်းတွေရှိပါတယ်။ ဒီစပါးခင်းတွေ မိုးတွင်းကျမှ အသက်ဝင်မှာဖြစ်တဲ့အတွက်ပါ။
ချယ်ရီကြည့်ချင်ရင် ဆောင်းတွင်းသွားပေါ့။ လှေကားထစ်စပါးခင်းကြည့်ချင်တယ်ဆိုရင် မိုးတွင်းသွားပေါ့နော်။
❤️❤️❤❤️❤️❤❤️❤️❤
လွိုင်မွေကိုစတက်ပြီဆိုရင် တဖြည်းဖြည်းအေးစိမ့်လာပါတယ်။ စန္ဒာကတော့ အကြိုက်ပေါ့။ လေအေးနဲ့အတူခံစားရတဲ့နောက်ရသကတော့ သဘာဝအလှတွေပါပဲ။ လှေကားထစ် စပါးခင်းတွေက စပြီးပျိုးနေပြီလေ။ နှစ်တစ်ရာ ကျော်
လက်ဖက်ပင်တွေကိုလည်းလှမ်းတွေ့ရတယ်။လွိုင်မွေကို ရောက်ပြီဆိုရင် ဈေးထဲကိုသွားပြီး တို့ဟူးနွေးစားကြတယ်။ စနေ၊တနင်္ဂနွေပဲရတာတဲ့။ ကျန်တဲ့ရက်တွေဆို တို့ဟူးနွေးမရပါဘူး။ စနေ၊တနင်္ဂနွေဆိုရင်တောင် ၁၂ နာရီကျော်ရင်ကုန်သွားတတ်ပါတယ်။
ဈေးထဲရောက်ရင် ချယ်ရီဝိုင်တို့ ပင်စိမ်းသီးယိုတို့ ရောင်းနေတာလည်းတွေ့ရပါတယ်။ ဒါကလွိုင်မွေရဲ့ ထွက်ကုန်တွေပေ့ါ။ နောက်လွိုင်မွေ ရေကန်ကိုသွားဖြစ်တယ်။ ရေကန်မှာ တဘက်ကို ဖြတ်ကူးလို့ရမယ့်
သစ်သားတံတားလေးရှိတယ်။ အဲတံတားလေးမှာလမ်းလျှောက်တဲ့အရသာက တိုက်ခတ်နေတဲ့လေနုအေးနဲ့ စန္ဒာ့ကို ကြည်နူးစေတယ်။ ဆောင်းရာသီဆို ရေခဲမှတ်အောက်ရောက်သွားတတ်ပြီး
ဒီရေကန်ကြီးက ရေခဲပြင်ဖြစ်သွားဖူးတယ်တဲ့လေ။ အဲဒီကမှ နယ်ခြားဝန် ကာနယ်ရူဘယ်နေခဲ့တဲ့ နှစ်တစ်ရာအိမ်ကြီးကို သွားခဲ့ကြတယ်။ နှစ်တစ်ရာအိမ်က ကုန်းမြင့်ပေါ်မှာရှိတာပါ။ ၁၉၁၈မှာ တည်ဆောက်ခဲ့ပြီး ၂၀၀၇ မှာ ပြုပြင်ခဲ့တယ်တဲ့။
ခရီးသွားရာသီမဟုတ်တော့ အိမ်တံခါးကို ပိတ်ထားပြီး အစောင့်တွေလည်းမရှိဘူးလေ။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေတယ်။ ဒါနဲ့ပဲ အပြင်ကပဲ ဓာတ်ပုံရိုက်ပြီး ပြန်ခဲ့ရတယ်။ လွိုင်မွေကို ချယ်ရီတွေ ပွင့်ချိန် ထပ်ရောက်ချင်မိသေးတယ်။
အပြန်မိုးစက်လေးတွေနဲ့အတူ ထင်းရှုးပင်နဲ့ လှေကားထစ်စပါးခင်းတွေက စန္ဒာ့ကိုလိုက်လို့ နှုတ်ဆက်နေလေရဲ့….
Sandar
I’ll extend my milestones
ကိုးကား – ဒေါက်တာသန်းထွန်း ရဲ့ နယ်လှည့်ရာဇဝင်
#milestonesofeuphoria
#kengtung
***လွတ်လပ်စွာ Share နိုင်ပါသည်။ ဓါတ်ပုံများနှင့်စာများကို မည်သည့်နေရာတွင်မဆို ကူးယူသုံးစွဲခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။