သွေးချင်းတွေ စုံတဲ့ ကျိူင်းတုံမြေ
❤️❤️❤️❤️❤️❤❤️❤️❤️❤️❤️
ကျိုင်းတုံအကြောင်း ပြောတုန်းက ရွာတွေအကြောင်း ပြောဖို့ ကျန်သေးတယ်လေ..
အဲတော့ ဆက်ပြောမယ်နော်..
ခုမှ စဖတ်မယ့် စာဖတ်သူတွေကတော့ ဒီကို စန္ဒာ ဘယ်လို ဘယ်ပုံ လာတယ်ဆိုတာ သိဖို့ အောက်ကလင့်က သွားကြည့်လိုက်ကြနော်။
https://www.facebook.com/milestonesofeuphoria/posts/1111251135695380
တကယ်တော့ စန္ဒာ ကျိူင်းတုံနားက ရွာတွေကိုသွားတဲ့အခါ သီးသန့်တစ်ရက် အချိန်ပေးလာသလို
ကျိုင်းတုံမြို့ပြင် ကမ္ဘာအေး ဘုရားဘက်ကိုသွားတုန်း ဝင်ခဲ့တာတွေလည်းရှိပါတယ်။
တိုင်းရင်းသားတွေရဲ့ ရွာတွေစုံအောင် ရောက်ဖို့ဆိုရင် စန္ဒာ့လိုတစ်ရက်တည်းနဲ့ မရပါဘူး။ ၂ရက် ၃ရက်လောက်တော့ အချိန်ပေးရပါတယ်။
❤️❤️❤️နေထိုင်သော ရှမ်းတိုင်းရင်းသား မျိုးနွယ်စု
သွေးချင်းတွေစုံတဲ့ ကျိုင်းတုံမြေဆိုတဲ့အတိုင်း ရှမ်းတိုင်းရင်းသား မျိုးနွယ်စု ၃၃ မျိူးရှိတဲ့ထဲမှာ ၃၀နီးပါး စုံလင်စွာတွေ့နိုင်မယ့် မြန်မာပြည်ရဲ့ တစ်ခုတည်းသော မြို့ပါ။
အဓိကအားဖြင့် ဂုံ(ခွန်)၊ယွန်း(လာအို)၊တိုင်းနေ၊အာခါ၊အားခေ၊အဲန်၊လားဟူ၊ဝ၊ပလောင် တို့နေထိုင်ကြပါတယ်။ မြန်မာပြည်ရဲ့ တိုင်းရင်းသား ၁၃၅ မျိူးဟာ တိတိကျကျ ကောက်ယူထားတာမျိုးမဟုတ်ဘဲ
တချို့တွေက ထပ်နေပြီး မထည့်ရသေးဘဲ တိမ်မြုပ်နေတဲ့ တိုင်းရင်းသားတွေရှိနေသေးတာကို အငြင်းပွားဖွယ် ဖြစ်နေပါတယ်။ စန္ဒာကတော့ သမိုင်းပညာရှင် မဟုတ်သလို
လေ့လာမှုလိုနေသေးတဲ့အတွက်ကြောင့် ဒီအကြောင်းကို တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါကြောင့် ရှမ်းလူမျိုး ၃၃ မျိုးဟာ ထပ်နေတာတွေရှိပြီး မထည့်ရသေးတာတွေလည်းရှိနိုင်ပါတယ်။
နောက်တစ်ခု ထပ်ပြောချင်သေးတာက ကျိုင်းတုံကိုလာရင် trekking လုပ်လို့ရတယ်လို့ပြောကြပါတယ်။ တကယ်တော့ စန္ဒာအတွက်တော့ trekking ကိုလက်မခံနိုင်သလို အဓိပ္ပါယ်ပိုရှိပြီး ပြည့်စုံမယ့်
စကားရှာလို့မရသေးဘူး။ တောင်ပေါ်မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို လေ့လာဖို့ရယ်၊ သူတို့တွေနဲ့ တွေ့ဆုံနိုင်ဖို့က trekking ဆိုတဲ့စကားနဲ့ အံဝင်ခွင်ကျမဖြစ်ဘူးလို့ ခံစားရတယ်။
ဟုတ်ပါပြီ စန္ဒာမြတ်နိုးတဲ့ တိုင်းရင်းသားတွေအကြောင်းလာပါပြီ…
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
စန္ဒာသွားခဲ့တဲ့ရွာတွေက အာခါ၊အားခေ၊အဲန်၊တိုင်းနေ လူမျိုးတွေနေထိုင်တဲ့ ရွာတွေကိုသွားခဲ့ပါတယ်။
❤️❤️❤️ဝမ်ဆိုင် တိုင်းရင်းသားကျေးရွာ အားခေရွာ
ဒီရွာလေးက စန္ဒာကျိုင်းတုံကိုရောက်တဲ့ ပထမဆုံးရက်မှာ ရောက်ခဲ့တာပါ။ ကမ္ဘာအေးဘုရားသွားတဲ့လမ်းမှာ ရှိပါတယ်။ ဝမ်ဆိုင် တိုင်းရင်းသားကျေးရွာ အားခေရွာဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့တာနဲ့
အဲဒီမှာ ဆိုင်ကယ်ကိုထားခဲ့ကြပါတယ်။ မိုးတွင်းဆိုတော့ လမ်းကတော့မကောင်းဘူးပေါ့။ ဒါပေမယ့် ၁၀ မိနစ်လောက်ပဲလမ်းလျှောက်တာနဲ့ ရောက်ပါပြီ။
အတက်ချည်းပဲဆိုတော့ ၁၀ မိနစ်ကလည်း လမ်းမလျှောက်ရတာကြာပြီ ဖြစ်တဲ့ စာရေးသူကိုတော့ မောစေပါတယ်။ 😀
ရွာထဲကိုစဝင်တာနဲ့ ရိုးရာအိမ်တွေကိုတွေ့လိုက်ရတာနဲ့ စိတ်ဝင်စားစားစရာကောင်းတော့ အမောကပျောက်ပြီလေ။ လက်ရှိမှာ ခရစ်ယာန်ဘာသာကိုးကွယ်ကြတဲ့
အားခေလူမျိုးတွေဟာ တချိန်က နတ်ကိုးကွယ်မှုရှိခဲ့ပါတယ်။ ဒါကြောင့်သူတို့ရဲ့ အိမ်တည်ဆောက်ပုံတွေက ရေကပြင်သာရှိပြီး ပင်မအိမ်မှာ ပြတင်းပေါက်တွေမရှိပါဘူး။
နတ်ကိုးကွယ်မှုကြောင့် နေရောင်ကိုအဝင်မခံတဲ့သဘောပါ။ စိတ်ဝင်စားစရာပေါ့။အမိုးကတော့ အုတ်ချပ်မိုးထားကြပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ စာအုပ်တွေထဲမှာလည်း ကျိုင်းတုံမြို့ကအိမ်တွေဟာ ပြတင်းပေါက်ကနည်းပြီး
အတွင်းခန်းက မှောင်တဲ့အကြောင်း ရေးထားတာ မှတ်သားဖူးတယ်။ ရွာထဲကိုပတ်ကြည့်လိုက်တော့ ခရစ်ယာန်ဘုရားကျောင်းလည်းရှိတယ်။ စန္ဒာလာတဲ့အချိန်က
ခရီးသွားရာသီမဟုတ်တော့ ရွာကတိတ်ဆိတ်နေတယ်။ အားခေဝတ်စုံဝတ်ထားတဲ့အဖွား၂ယောက်ကိုတွေ့တော့ အပျော်ကြီးပျော်ပေါ့။ အဖွားတို့ကလည်း သူတို့လုပ်ထားတဲ့
လက်ပတ်တွေ၊ ပုတီးကုန်းတွေရောင်းတယ်။ တစ်ခုကိုတစ်ထောင်နဲ့။ ဒါနဲ့ အဖွားတို့ရောင်းတာတွေဝယ်ပြီး ဓာတ်ပုံရိုက်ပြီးနှုတ်ဆက်ခဲ့ကြတယ်။
ဂူလိုနော်ဒဲ(ကျေးဇူးတင်ပါတယ်)လို့….
ရွာတွေကိုချည်းသွားတဲ့တစ်ရက်မှာတော့
❤️❤️❤️❤️❤️❤️❤️❤️❤️
ကျိုင်းတုံကနေ ပင်းတောက်ကျေးရွာကို ၂နာရီလောက်ဆိုင်ကယ်နဲ့သွားရတယ်။ ဈေးထဲမှာ နေ့လည်စာတခါတည်းဝယ်သွားရတယ်။
ရွာကိုသွားတဲ့လမ်းက အရင်နေ့တွေက တွေ့နေကျ မြင်ကွင်းမဟုတ်တော့ဘူး။ တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကျိုင်းတုံချိုင့်ဝှမ်းအလှကို
ထင်သာမြင်သာတွေ့ရတယ်။ ရာဘာစိုက်ခင်းလမ်းလေးဖြတ်ရတယ်။ အဲတော့ ပင်းတောက်ကျေးရွာကိုရောက်ပေါ့။ ရွာမှာ လားဟူတိုင်းရင်းသားတွေအနေများပြီး နှစ်ခြင်းခရစ်ယာန်ကျောင်းလေးလည်းရှိတယ်။
ဒီရွာမှာတော့ ရိုးရာအိမ်အနည်းငယ်ပဲ ရှိတော့တယ်။ တော်တော်များက ပြန်လည် ပြုပြင်ထားကြပြီး တောင်ပေါ်ရွာတွေထက် ပိုစည်ပင်တယ်လို့ပြောနိုင်တယ်။ NGO တွေရဲ့ အကူအညီကြောင့်လည်းပါတယ်။
ပင်းတောက်ကျေးရွာကိုဖြတ်ပြီး အာခါ နဲ့ အဲန် ရွာကိုသွားခဲ့တယ်။ လမ်းမှာပင်းတောက်ရေတံခွန်ကို သွားတဲ့လမ်းလည်းရှိတယ်။ အချိန်ရရင်ဝင်အပန်းဖြေလို့ရတယ်။
လားဟူရွာမှာဆိုင်ကယ်ထားခဲ့ပြီး စလမ်းလျှောက်ခဲ့တယ်။ အဲန် တိုင်းရင်းသားရွာကို ရောက်ဖို့ တောင်ပေါ်ကို၁နာရီလောက်လျှောက်ရပါတယ်။
ဘေးဘက်ဝဲယာမှာ လှေကားထစ်စပါးခင်းတွေက အဖော်ပြုလို့ပေါ့။
❤️❤️❤️❤️❤️❤️❤️❤️❤️
အဲန်ရွာကိုမရောက်ခင် အာခါရွာကို အရင်ဝင်ဖြစ်တယ်။အာခါရွာက တိတ်ဆိတ်နေတယ်။ တန်ဖိုးကြီးတဲ့ အာခါဝတ်စုံနဲ့ ဝတ်ထားတဲ့အာခါအမျိုးသမီးပုံကိုရမယ်လို့ စိတ်ကူးထားတဲ့
စန္ဒာတစ်ယောက် တိတ်ဆိတ်နေတဲ့ရွာကိုရောက်တော့ စိတ်မောမိတာကတော့ အမှန်ပါ။ စန္ဒာရဲ့ ဂိုက်က သူရင်းနှီးတဲ့အိမ်ကိုရောက်တော့ ကလေးတွေကိုမေးပါတယ်။
အမေရှိလားပေါ့။ မိုးရာသီဖြစ်တော့ ကောက်စိုက်သွားပါတယ်။ ဒီရွာက အမျိုးသမီးတွေဟာ အသက်၄၀ ကျော်တဲ့အထိ ကိုယ့်ယာမြေမှာ ကောက်စိုက်တယ်။ အဲတော့ရွာမှာ
ကျောင်းမနေသေးတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့ပါတယ်။အဲဒီ အိမ်ရှေ့ရစ်သီရစ်သီလုပ်နေတဲ့ စန္ဒာတို့ကိုလာနှုတ်ဆက်တာကတော့ အာခါ အဖွားအိုပါ။
အဖွားလည်းတွေ့ရော အစိမ်းဖမ်းဖမ်းလိုက်တာကတော့ စာရေးသူနဲ့ သူရဲ့ဂိုက်ပါပဲ။ ထုံးစမ်းအတိုင်း အဖွားနဲ့ဓာတ်ပုံရိုက်ပြီး အဖွားဆီက လက်ပတ်လေး ဝယ်ခဲ့ပါတယ်။
အဖွားကိုလက်ဆွဲနှုတ်ဆက်ပြီး ပြောလိုက်တာကတော့ ဂူလိုဂူးမား (ကျေးဇူးတင်ပါတယ်) လို့။
❤️❤️❤️❤️❤️❤️❤️❤️❤️
ကဲစိတ်ဝင်စားစရာအပြည့်နဲ့ အဲန်ရွာလေးကိုချီတက်လာပါပြီ။
တောင်ပေါ်မှာပဲ နေထိုင်တဲ့ အဲန်လူမျိုးတွေကို တွေ့ဖို့ဆိုရင်တော့ အမောခံနိုင်ရပါ့မယ်။ အဲန်လူမျိုးတွေဟာ တောင်ထိပ်မှာပဲ နေထိုင်တယ်။ အဲဒီကမှ သူကြီး သို့ နတ်ဆရာရဲ့
အိမ်ဟာ အမြင့်ဆုံးမှာရှိပါတယ်။ နတ်ဆရာလို့ပြောတော့ အဲန်လူမျိုးတွေဟာ ယနေ့တိုင်နတ်ကိုးကွယ်မှုကို ထိန်းသိမ်းတဲ့လူမျိုးစု တစ်စုပါ။ သူကြီးရဲ့ အိမ်ကိုသိချင်ရင် ရေသွားလျောက် ရယ်
နတ်စင်ရယ်ကို အရင်ရှာရပါ့မယ်။ သူကြီးအိမ်နားမှာရှိတာပါ။ ရေသွားလျောက်ဆိုတာ တောင်ပေါ်က ကျလာတဲ့ရေကို သစ်သားလုံကိုထွင်းထားတဲ့ ခွက်နဲ့ ဆင့်ကာ ဆင့်ကာ ခံထားတာပါ။
ခုခေတ်တော့ ပိုက်တွေရှိတော့ ရေသွားလျောက်ထဲကို ပိုက်တွေနဲ့ သွယ်တန်းပြီး ရေအသုံးပြုလို့ရပေမယ့် တချိန်က ရေအသုံးပြုဖို့ ခက်တဲ့အတွက် တော်တော်ကြာမှ ရေချိုးကြတယ်တဲ့။
အပြင်ပန်းအလှထက် စိတ်အလှကိုပိုတန်ဖိုးထားတဲ့အကြောင်းလည်းသိရပါတယ်။ အမျိုးသမီးတွေကတော့ black teeth လို့ foreigner တွေတင်စားခြင်းကို ခံရတဲ့အကြောင်းတရားလည်းရှိတယ်။
အဲဒါကတော့ သစ်အယ်သားကို မီးရှို့ပြီး ရလာတဲ့မီးသွေးကို သွေးပြီး သွားမှာလိမ်းတာပါ။ ဖြူစင်ပြီး ပျူငှာတတ်တဲ့သူတို့ဟာ black teeth တွေနဲ့ ပြုံးရယ်ပြလေ့ရှိပါတယ်။
ရွာထဲကိုဝင်ဝင်ချင်းမှာပဲ စန္ဒာရဲ့ ဂိုက်ကို ကလေးချီထားတဲ့အဲန်အမျိုးသမီးက လှမ်းနှုတ်ဆက်တယ်။ စန္ဒာဂိုက်က လာဒီအိမ်ဝင်မယ် ဆိုပြီးရှေ့ကဦးဆောင်သွားပါတော့တယ်။
အိမ်တွေရဲ့ ပုံစံဟာ ရှေ့မှာ ကွတ်ပျစ် ပုံစံရှိပြီးအိမ်ရဲ့ပင်မအခန်းကို ပိတ်ထားပါတယ်။ နတ်ကိုးကွယ်သူတွေရဲ့ ဓလေ့ပေါ့။ အိမ်ပေါ်တက်တော့ ကလေးရော ခွေးရော တန်းတူညီမျှနေနေတာကို တွေ့ရပါတယ်။ 😀
စန္ဒာတို့ အိမ်အပြင် ကွက်ပျစ်မှာပဲ ထိုင်နေကြတယ်။ အိမ်ထဲကနေ အခါးရည်ဧည့်ခံဖို့ စားပွဲထုတ်လာတယ်။ သူတို့စားပွဲတွေဟာ အရမ်းလည်းမကြီးဘူး။ ကြိမ်နဲ့လုပ်ထားပြီး ငှက်ပျောရွက်
ခင်ထားတာ်။ အဲအချိန် စပ်စုတဲ့ စာရေးသူတယောက် အိမ်ထဲကိုလှမ်းကြည့်တော့
မှောင်မဲနေတဲ့ အခန်းထဲမှာ အဖွားတယောက် မီးဖိုနားမှာထိုင်နေတာတွေ့ရတယ်။ ရန်ကုန်ကသယ်လာတဲ့ မုန့်တစ်ထုပ်ကို အဖွားအတွက်ပေးလိုက်တယ်။ ပြီးတော့ အထဲဝင်ဖို့
ခွင့်တောင်းလိုက်ပြီး အဖွားနားကိုသွားပါတယ်။ အဖွားကမြေပဲလှော်နေတာ။ အဖွားပြောတဲ့စကားကိုနားမလည် စာရေးသူရဲ့ ဂိုက်ကလည်း ဘာသာစကားသိပ်မရတော့
တစ်ဦးနဲ့တစ်ဦး မေတ္တာအပြုံးတွေနဲ့ပဲ နှုတ်ဆက်ကြပါတော့တယ်။ အဖွားကိုဓာတ်ပုံရိုက်ဖို့ ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ပြီး အပြင်ကိုပြန်ထွက်လာတယ်။ သိပ်မကြာခင်အဖွားက
သူမြေပဲလှော်လေးနဲ့ ဧည့်ခံတယ်။ စန္ဒာလည်း နည်းနည်းစားပြီး သူကြီးအိမ်ဆက်သွားရမှာမို့ ထွက်လာကြတယ်။ အောက်ရောက်တော့အဖွားရဲ့ ယက်ကန်းစင်လေးတွေ့တော့
ဓာတ်ပုံရိုက်နေတုန်း အဖွားကပြေးလာပြီး ကျွတ်ကျွတ်အိတ်အသစ်လေးနဲ့ စန္ဒာစားလို့မကုန်တဲ့ မြေပဲလေးတွေကိုထုတ်လာပေးတာပါ။အဲအချိန်လေ စန္ဒာ့ရင်ထဲ ငိုချင်စိတ်
ဖြစ်သွားတာ။ မေတ္တာတရား အပြည့်နဲ့ ပျူငှာဖော်ရွေ စေတနာကောင်းတဲ့ အဖွားရဲ့ နွေးထွေးမှုကို ခံစားရတော့ ပျော်ရွှင်မိတာအမှန်ပါပဲ။
အဖွားရဲ့စေတနာလေး ကိုလက်ခံပြီး လက်အုပ်ချီပြီး မုမ်လို့ (ကျေးဇူးတင်ပါတယ်)လို့ ပြောလိုက်တယ်။ ❤️❤️❤️
သူကြီးအိမ်ကိုဆက်လာပါတယ်။ ရေသွားလျောက်ကိုတွေ့ပါပြီ။ နတ်စင်ကိုလည်းတွေ့ပါပြီ။ ဒါဆိုသူကြီးအိမ်ရောက်ပြီပေါ့။ သူကြီးကိုလှမ်းခေါ်တော့ သူကြီးက သူ့ဝက်တွေ ခြံပြင်ထွက်မှာဆိုးလို
တံခါးပိတ်ထားတော့ ခြံကိုခွကျော်လာခဲ့ပါတဲ့။ 😀 စာရေးသူ မျောက်လွှဲကျော်လည်း ဒီလောက်တော့ အပျော့ပေါ့။ အဲတော့ အိမ်ပေါ်ရောက်တော့ ထုံးစံအတိုင်း တခြားအိမ်တွေလို
ခွေးနဲ့ သူကြီး တန်းတူညီမျှ အဆင့်အတန်းမခွဲပဲ အတူတူနေနေတာပါပဲ။ 😀 သူကြီးအိမ်ကလှမ်းမြင်ရတဲ့ မြင်ကွင်းကတော့ စန္ဒာ့အကြိုက်ပေါ့။ သူကြီးဆိုတဲ့အတိုင်း အကောင်းဆုံးနေရာပါလားလို့
စိတ်ထဲမှာရေရွတ်နေမိတယ်။ အိမ်ပေါ်တက်တက်ချင်း သူကြီးပြောတဲ့စကားက ဓာတ်ပုံရိုက်လို့ရတယ် စည်ကိုမကိုင်ရတဲ့။ သူကြီးက ဗမာစကားနည်းနည်းတတ်တယ်။
စည်ဆိုတာ အိမ်ထဲမှာထားထားတာ။ အဲစည်က တစ်နှစ်တခါ နတ်ပူဇော်တဲ့အချိန်ကျရင် တီးတာပေါ့။ တစ်နှစ်ပတ်လုံး နတ်ပူဇော်ပွဲမလုပ်ခင် စည်ကိုမထိရဘူး။ ထိမိရင်ချက်ချင်း ဝက်တစ်ကောင်နဲ့
ပူဇော်မှရတယ်တဲ့။ ထုံးစံအတိုင်း ကြိမ်စားပွဲ ထုတ်ပြီး ထမင်းနဲ့ နေကြာစေ့လေးကျွေးတယ်။ စန္ဒာတို့လည်းပါလာတဲ့ နေ့လည်စာကိုထုတ်စားကြတယ်။ ပြီးတော့ သူကြီးရဲ့စည်ကြီးကို
ကြည့်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီးပြန်လာကြတယ်။ စန္ဒာတို့ပါလာတဲ့ မုန့်တထုပ်ကိုသူကြီးအိမ်က ကလေးတွေအတွက် ပေးခဲ့တယ်။ ဒီနေရာမှာသတိထားမိတာ ဂိုက်က စန္ဒာတို့ နေလည်စာတွေအတွက်
သယ်လာတဲ့ ကျွတ်ကျွတ်အိတ်ကြီးကို တခုတ်တယ သူကြီး သုံးလို့ရတယ်ဆိုပြီး ပေးတယ်။ ဒီဒေသလေးရဲ့ အသုံးအဆောင်ပစ္စည်း ရှားပါးမှုပေါ့။
စန္ဒာတို့ပြန်တဲ့အချိန် ကလေးတွေကျောင်းလွှတ်တဲ့အချိန် နဲ့ ကွက်တိဖြစ်ပြီး ကလေးတွေကို ရန်ကုန်ကသယ်လာတဲ့ မုန့်တွေကို
ဝေကြတယ်။ ပြန်အဆင်းစန္ဒာတို့လက်ထဲ မုန့်တွေလည်းမရှိတဲ့အချိန် စာသင်ကျောင်းက ကလေးတွေကမုန့်ပေးဆိုပြီး လှမ်းတောင်းတော့ စိတ်မကောင်းဖြစ်သွားတယ်။
အဲဒါနဲ့ သူတို့ကိုစာသင်ပေးနေတဲ့ ဆရာမလေး၂ယောက်ကို ကလေးတွေအတွက် မုန့်ဝယ်ကျွေးဖို့ လှူဖြစ်ခဲ့တယ်။ ဒီနေရာမှာ ဆရာမလေး ၂ယောက်ကိုချီးကျူးချင်တာက မန္တလေးကလာပြီး
ဒီလိုအမောတက်ရတဲ့ တောင်ပေါ်မှာ မပျင်းမရိ တက်တက်ကြွ သင်ပေးနေတာကိုပါ။ တကယ်လေးစားပါတယ် ဆရာမလေးတို့ရေ။ ဒီလိုနဲ့ အဲန်ရွာလေးကို နှုတ်ဆက်ခဲ့တယ်။
ဒီဒေသလေးကို စာဖတ်သူတို့ ရောက်ဖြစ်မယ်ဆိုရင် ကလေးတွေအတွက် မုန့်ရယ်၊ ဆပ်ပြာတို့ ဝယ်သွားနိုင်ရင်ကောင်းပါတယ်။
❤️❤️❤️❤️❤️❤️❤️❤️❤️
နောက်ဆုံးပြောချင်တဲ့တစ်ရွာကတော့ စန္ဒာနောက်ဆုံးနေ့မနက် မပြန်ခင်လေး အပြေးအလွှားသွားခဲ့ရတဲ့ နောင်ငင်းရွာလေးအကြောင်းပါ။
လိုက်ပို့ပေးတဲ့ ခေမရဌ ဟိုတယ်ပိုင်ရှင် ဦးရဲမြင့်အောင်ကို တကယ်ကျေးဇူးတင်ပါတယ်။ ရန်ကုန်ပြန်ရင် ရေးစရာပါသွားဖို့ဆိုတဲ့ စေတနာနဲ့ ဧည့်သည်အပေါ်တာဝန်ကျေမှုကတော့
အဲန်အဖွားလိုပဲ အိမ်ရှင်ကောင်းပီသပါတယ်။
နောင်ငင်းရွာလေးက စိတ်ဝင်စားစရာကောင်းပါ့။တိုင်းနေ ရှမ်းလူမျိုးတွေ နေထိုင်ပြီး ထူးခြားတဲ့အုတ်အိမ်လေးတွေက စွဲဆောင်မှုရှိတာပါ။
အုတ်တစ်ခုနဲ့တစ်ခုကြားမှာ ဘိလပ်မြေကိုမသုံးဘဲ မြေနီစေးတွေနဲ့ ကြားညှပ်သုံးထားတယ်။ အိမ်တွေရဲ့ တည်ဆောက်ပုံက တစ်အိမ်နဲ့ တစ်အိမ်မတူဘူး။
ကျိုင်းတုံရဲ့ အစဉ်အလာအတိုင်း အုတ်ချပ်ပြားလေးတွေကို မိုးထားတယ်။ အိမ်တွေရဲ့ သက်တမ်းဟာမှန်းဆဖို့ခက်လှတယ်။ ဦးရဲမြင့်အောင် အပြောအရဆိုရင်
ရွာက အသက်၈၀ ကျော်အဖိုးက သူမမွေးခင်ကတည်းက ဒီအိမ်တွေဆောက်ခဲ့တာဆိုတော့ အနည်းဆုံးသက်တမ်း ၁၀၀ ကျော်လောက်တယ်တဲ့။
ရွာကလူတွေနဲ့တော့ စကားမပြောခဲ့ရဘူး။ အချိန်လည်းမရတာနဲ့ ဓာတ်ပုံရိုက်ပြီး မြန်မြန်ပြန်လာခဲ့ရတယ်။ နောက်ထပ် သိခဲ့ရတာတစ်ခုက အပျိုဆိုင်ဆိုတာပါပဲ။
ရွာကအပျိုတွေက လက်ဖက်ရည်၊ကော်ဖီ၊အချိုရည်စတဲ့ စားစရာသောက်စရာ တွေကိုရောင်းတဲ့ဆိုင်လေးတွေပေါ့။ အနီးအနားမှာရှိတဲ့ လူပျို၊ကာလသားတွေ အဲဆိုင်မှာ
ထိုင်ပြီးတရားဝင် ပိုးပန်းခွင်အ့မိန့်ရဆိုင် ဆိုလည်းမမှားဘူးပေါ့။ ပွင့်လင်းရာသီဆို အဲဆိုင်လေးတွေ ဖွင့်ထားတယ်။ စန္ဒာသွားတော့ လူမရှိဘဲ ဆိုင်အလွတ်လေးတွေ တွေခဲ့တယ်။
ရှမ်းပြည်တောင်ပိုင်းက ပအိုဝ်တိုင်းရင်းသားတွေဆို မိန်းကလေးအိမ်ကိုသွားရင် ပြောင်းဖူးထွတ်ရင်း လူပျိုစကားပြောတာတို့ မီးဖိုရင်း စကားပြောတာတို့ကို မိဘတွေက တရားဝင်ခွင့်ပြုထားတာ ကြားဖူးသလို
အခုအပျိုဆိုင်လေးကလည်း အဲဓလေ့လို ဖော်ဆောင်နေပါတယ်။
❤️❤️❤️
တိုင်းရင်သားယဉ်ကျေးမှုကို မြတ်နိုးတဲ့ စန္ဒာအတွက်တော့ အရာအရာတိုင်းက အမှတ်ရစရာတွေပါပဲ…
ကံဆုံလို့ ပြန်လာခွင့်ရမယ်ဆိုရင် အဲန်အဖွားဆီသွားပြီး သူလှော်တဲ့ မြေပဲလေး ပြန်စားချင်သေးရဲ့…..
Sandar
I’ll extend my milestones
#kengtung
#myanmarethnics #shanpeople #culture
#milestonesofeuphoria
***လွတ်လပ်စွာ Share နိုင်ပါသည်။ ဓါတ်ပုံများနှင့်စာများကို မည်သည့်နေရာတွင်မဆို ကူးယူသုံးစွဲခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။