💖💕💖💕💖💕💖
ကျိုင်းတုံမြို့အနှံ့ လိုက်လည် သည်မောင်လိုက်ပို့မယ်
Exploring Kengtung in Two Days
💖💕💖💕💖💕💖


.
#Myanmar #MarvelousMyanmar #Kengtung #Kyaingdon #ShanState
.
ခေမရဋ္ဌတိုင်းလို့ ဆိုကြတဲ့ ကျိုင်းတုံမြို့ကို အလုပ်ကိစ္စနဲ့ သွားခဲ့ရင်း ဝါသနာကို တားမရနိုင် ရတဲ့အချိန် ရသလို လည်ပတ်ဖြစ်ခဲ့ပါတယ်။ အဆင်ပြေချင်တော့ ကျိုင်းတုံမြို့ခံ မိတ်ဆွေနှစ်ဦးရဲ့ အကူအညီကောင်းတွေလည်း ရလိုက်တော့ အတော်လေး အဆင်ပြေသွားခဲ့တယ်လို့ ဆိုရမယ်။ ကျိုင်းတုံမြို့လေးကတော့ သိပ်မကျယ်ပါဘူး။ ဒါပေမဲ့ချစ်စရာကောင်းတဲ့ကျစ်လျစ်မှုရှိတယ်။ လည်ပတ်စရာတွေက မြို့တွင်းမှာထက် အနီးအပါးနေရာတွေကို ကား၊ ဆိုင်ကယ်တွေနဲ့ သွားမှ ရောက်နိုင်တယ်။ တာချီလိတ်မြို့နဲ့ ကားမောင်းသွားရင် ၃ နာရီခရီးပဲ ကွာဝေးတဲ့ မြို့လေးမို့ တာချီလိတ်ကိုပါ လည်ပတ်ရင်း သွားလည်သင့်တဲ့ မြို့လေးလို့ အကြံပြုချင်ပါတယ်။ မြို့လေးကို ပိုပြီးထဲထဲဝင်ဝင် လေ့လာကြည့်ရအောင်လေနော်။
.
.
■■■■■■■■■■■■
ခေမရဋ္ဌ ကျိုင်းတုံ
■■■■■■■■■■■■
ကျိုင်းတုံမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အမြင့် ၇၈၇ မီတာမှာ ရှိပါတယ်။ စတုရန်းမိုင် ၁၂၃၀၀ ခန့် ကျယ်ဝန်းပြီးတော့ ရှမ်းအနွယ် ၄၀ ကျော်နေထိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်တံခါးပေါက် လို့လည်း တင်စားကြတယ်။ တောင်ကြီး နဲ့ တာချီလိတ်ကြားမှာ ရှိတဲ့ မြို့လေးပါ။ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားတွေရဲ့ အပြုအမှုနဲ့ ဖောရွေမှုကို ခံစားကြရမယ်။ ထူးခြားစွာ ရှမ်း၊ ထိုင်း နဲ့ တရုတ်ပုံစံ လူနေထိုင်မှုပုံစံတွေ ရှိနေတဲ့နေရာလို့ ထင်မြင်မိပါတယ်။ လမ်းလေးတွေက ဖုန်ထတတ်ပြီး လယ်ကွင်းတွေ တောင်စောင်းစိုက်ခင်းတွေ နဲ့ လှပအေးချမ်းတဲ့မြို့လေးဖြစ်ပါတယ်။ ဒီနယ်မြေမှာတော့ အာခါ၊ လားဟူ၊ ဝ နဲ့ ရှမ်းတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။
.
.
■■■■■■■
ရာသီဥတု
■■■■■■■
ဆောင်းတွင်းမှာတော့ အေးမြပေမဲ့ နွေရာသီနဲ့ မိုးရာသီမှာတော့ ရာသီဥတု အေးမြမှုမရှိပါဘူး။ ကျွန်တော်သွားခဲ့တဲ့ သြဂုတ်လထဲမှာတောင် အနွေးထည်ဝတ်စရာမလိုအောင်ကို ပူပါတယ်။
.
.
■■■■■■■■■■■■
ဘယ်လိုသွားမလဲ
■■■■■■■■■■■■
လေယာဉ်နဲ့ကတော့ အဆင်ပြေဆုံးပါပဲ။ တောင်ကြီးဘက်ကနေ ကားနဲ့ သွားလို့ရပေမဲ့ ခရီးသွားတွေကိုတော့ လေယာဉ်နဲ့ ပိုသွားစေချင်ပါတယ်။ တခါတရံ တောင်ကြီး – ကျိုင်းတုံလမ်းမှာ တောင်ပြိုမြေပြို ဖြစ်တတ်တာမို့ ခရီးဖင့်နိုင်လို့ပါ။ လေယာဉ်ခက ၉ သောင်းကျော် ကနေ ၁သိန်းကျော် အထိ အမျိုးမျိုး ရှိပါတယ်။ လေယာဉ်အမျိုးအစားပေါ်မူတည်ပြီး လေယာဉ်စီးချိန်က ၁ နာရီ ကနေ ၁ နာရီခွဲကြား ကြာတတ်ပါတယ်။ မြို့ပတ်လေယာဉ်တွေဆိုရင်တော့ နှစ်နာရီ နဲ့ နှစ်နာရီခွဲကြား ကြာတတ်ပါတယ်။
.
.
■■■■■■■■■■■■■■
ကျွန်တော်နဲ့ ကျိုင်းတုံ
■■■■■■■■■■■■■■
မလာခင်ကတည်းက သိပ်စိတ်လှုပ်ရှားမိတယ်။ ကျွန်တော်က ရှမ်းပြည်ဆို သိပ်ချစ်တာ။ ရှမ်းပြည် ဘယ်အရပ်သွားရ သွားရ ပျော်တယ်။ အရှေ့ပိုင်းရှမ်းပြည်ရဲ့ မြို့တော်ကျိုင်းတုံ ကို ရောက်လာတော့ လေယာဉ်ပေါ်ကနေ မြင်ကတည်းက စိတ်တက်ကြွလာတယ်။ တောင်စောင်းတွေအနှံ့စိုက်ထားတဲ့ စပါးခင်းစိမ်းစိမ်းတွေဟာ လှေကားထစ်စိုက်ခင်းပုံစံလေးတွေနဲ့ အတော်ကို လှနေတာ။ မသွားခင် တစ်ညလုံးမအိပ်ခဲ့ရသလို လေယာဉ်ပေါ်မှာလည်း အိပ်မပျော်တတ်လို့ ကျိုင်းတုံရောက်ရင် လျှောက်မလည်သေးဘဲ ဟိုတယ်မှာ အိပ်မယ်ဆိုတဲ့ စိတ်ကူးဟာ ချက်ချင်းပျောက်သွားတယ်။
.
■■■■■■■■■■■■■■■■■■■
ဆိုင်ကယ် ငှားမလား၊ ကား ငှားမလား
■■■■■■■■■■■■■■■■■■■
လေယာဉ်ကနေ ကျိုင်းတုံမြို့ထဲကို ဆိုင်ကယ်ကယ်ရီတွေ ရှိတယ်။ Hi-Jet ကားလေးတွေရှိတယ်။ ဆိုင်ကယ်ကတော့ ၂၀၀၀ ဝန်းကျင်ပဲ၊ ကားကတော့ ၅၀၀၀ ပေးရတယ်။ မြို့က သေးတော့ ဆိုင်ကယ်ကို ပိုအားသန်ကြတယ်။ ဟိုနားဒီနားကနေ လျှောက်လည်တာအဆုံး ဆိုင်ကယ်နဲ့သွားဖို့ပဲ မြို့ခံတွေက တိုက်တွန်းတတ်ကြတယ်။ ကားငှားရင်လည်း Hi-Jet လောက်ပဲ ဖြစ်နေတတ်တယ်။ ဆိုင်ကယ်ကို ကိုယ်တိုင် မောင်းချင်လည်းရတယ်။ မောင်းတဲ့သူ ပါရင်လည်း ရတယ်။ ဈေးနှုန်းကတော့ တစ်ရက်လုံးမှာ တစ်သောင်းခွဲ – နှစ်သောင်းဝန်းကျင်ရယ်။ ကားနဲ့ဆိုရင်တော့ ၄၀၀၀၀ – ၅၀၀၀၀ ထိ ဖြစ်သွားနိုင်တယ်။ ကိုယ်တွေ့အရတော့ ဆိုင်ကယ်က ကားထက် ခရီးပိုတွင်ပြီး နေရာများများကို မြန်မြန်ရောက်နိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ သတိပြုပါ။ ဆိုင်ကယ်စီးသူတိုင်း မောင်းသူတိုင်း ဆိုင်ကယ်ဦးထုပ် သေချာဝတ်ပါ။ မတော်တဆဆိုတာက အစိုးမရပါဘူး။
.
■■■■■■■■■■■■■■■■■■■
လည်ပတ်စရာ ကျိုင်းတုံမှာ
■■■■■■■■■■■■■■■■■■■
မြို့က ချစ်ဖို့ကောင်းတယ်။ လူလည်းသိပ်မရှုပ်သလို ယာဉ်လည်းသိပ်မရှုပ်ဘူး။ လမ်းလျှောက်သွားသူနည်းတယ်။ ဆိုင်ကယ်သုံးတာများတယ်။ ကားလည်း အတော်နည်းတယ်။ မြို့က ကုန်းဆင်းကုန်းတက်လေးတွေ၊ အိမ်သေးသေးလေးတွေနဲ့ ချစ်စရာကောင်းတယ်။ လမ်းလေးတွေက ပင့်ကူမျှင်လေးတွေလို တစ်ခုနဲ့တစ်ခု စိပ်စိပ်လေး ယှက်ပြီး ကူးလူးရလွယ်တယ်။ ဒီကိုလာတဲ့ ခရီးသွားတွေက ကျိုင်းတုံမြို့ထက် အနီးအပါးက တောင်တန်းတောင်စွယ်နဲ့ ရွာတွေကို လာကြတာ များတယ်။ အဖြူတွေလည်း လာသလို ထိုင်းတွေလည်း အလာများတယ်။ ဒီက ဘုရားပုထိုးဘုန်းကြီးကျောင်းဆောင်တွေက ယိုးဒယားဟန်တွေ များတယ်။ အများစုကလည်း ထိုင်းလူမျိုးတွေ လှူဒါန်းဆောက်လုပ်ကြတယ်လို့ မှတ်ခဲ့ရတယ်။ ဒါကြောင့်မို့လည်း ထိုင်းက ပညာရှင်တွေကို ဒီခေါ်ပြီး ဆောက်ခိုင်းတယ်လို့လည်း သိရတယ်။
ကဲ လည်လိုက်ကြစို့ –
.
ကျိုင်းတုံမြို့မဈေး
■■■■■■■■■■■■
တရုတ်ပစ္စည်းတွေ ဝယ်လို့ကောင်းတယ်ဆိုတဲ့ ဒီဈေးဟာ မြို့လယ်မှာ ရှိတဲ့ ထင်ရှားမြင်သာတဲ့ အစည်ကားဆုံး ဈေးကြီးပါ။ ဟင်းသီးဟင်းရွက်သားငါးကနေ ဖုန်း နဲ့ ရွှေဆိုင်တွေအထိ ရှိပါတယ်။ မနက်စောစော ကနေ နေ့လည် ၁၁ နာရီထိ ဖွင့်ပါတယ်။ နေ့လည် ၁၁ နာရီနောက်ပိုင်းတော့ အပြင်တန်းဆိုင်အနည်းငယ်လောက်ပဲ ဖွင့်တာ သတိပြုမိပါတယ်။ မနက်စာ ကို ဒီဈေးထဲမှာ စားရတာ ရွေးချယ်စရာစုံတယ်။ ဝက်သားလုံးရှမ်းခေါက်ဆွဲ (ကွေ့တယို)၊ အမဲလုံးခေါက်ဆွဲ စတဲ့ ဒေသစာ ခေါက်ဆွဲမနက်စာတွေ စားကောင်းတယ်။ အချိုပွဲ ရွှေရင်အေး (ဒီဘက်က ရွှေရင်အေးနဲ့မတူဘူး၊ သူက ယိုးဒယားပုံစံ)နဲ့ ဖျော်ရည်စုံ သောက်လို့ကောင်းတယ်။
.
သစ်တစ်ပင်တောင်
■■■■■■■■■■■■■
သစ်တစ်ပင်တောင် ပေါ်မှာ တက်ရင် ရှေးဟောင်းအမွေအနှစ်လို ဖြစ်နေတဲ့ နှစ်ပေါင်း၂၆၀ ကျော် သက်တမ်းရှိ ကညင်ဖြူပင်ကြီး ရှိနေတယ်။ အဲ့ဒီအပင်ကြီးက အလောင်းမင်းတရားကြီးလက်ထက် အေဒီ ၁၇၅၃ ခုနှစ်မှာ စိုက်ပျိုးခဲ့ပြီး ကျိုင်းတုံမြို့စွန် မွန်းကုန်းပေါ်မှာ ဒီနေ့တိုင်အောင် ရှင်သန်တည်ရှိနေလို့ ဒါကို အစွဲပြုပြီး သစ်တစ်ပင်တောင်ရယ်လို့ ပြောင်းလဲခေါ်ဆိုခဲ့ကြတယ်။ အမြင့်က ၂၁၈ ပေ၊ ရင်စို့လုံးပတ်က ၃၆ ပေ ၈ လက်မ နဲ့ အောက်ခြေလုံးပတ် က ၂၉ ပေ ၁၀ လက်မရှိတယ်လို့ မှတ်တမ်းရေးထိုးထားတယ်။ အနီးမှာ စေတီ နှစ်ဆူ ရှိတယ်။ ကျွန်တော်လည်း သိပ်စိတ်မဝင်စားမိ။ သစ်ပင်ကြီးက ပိုဆွဲအားကောင်းနေတယ်။ တစ်ဘက်မှာတော့ ကြိုးတံတားလေးရှိတယ်။ ချစ်သူတွေလာပြီး တွတ်ထိုးကြတဲ့နေရာလည်း ဖြစ်ပါတယ်။
.
ရပ်တော်မူ ဘုရားကြီး နဲ့ နောင်တုံကန်
■■■■■■■■■■■■■■■■■■■
ရန်ကုန်မှာဆိုရင် ရွှေတိဂုံစေတီတော်ကြီးကို ဘယ်အရပ်ကကြည့်ကြည့် လှမ်းမြင်ရတာမျိုး ကျိုင်းတုံမှာဆိုလည်း ရပ်တော်မူ ဘုရားကြီးကို နေရာအနှံ့ကနေ ဖူးမြင်ရတယ်။ နောင်တုံကန် နားတစ်ဝိုက်ဆို ပိုသိသာတယ်။ ရပ်တော်မူ ဘုရားကြီးရဲ့နောက်ကပ်လျက်မှာ ခရစ်ယာန်ဘုရားကျောင်းကြီးလည်း အေးချမ်းစွာ ရှိနေသေးတယ်။ ရပ်တော်မူ ဘုရားကြီး ဆိုတဲ့အတိုင်း မတ်ရပ်တော် ရုပ်ပွားတော် အကြီးကြီးတည်ထားတာ ဖြစ်ပြီး နောင်တုံကန်ဘက်ကို လက်ညှိုး ညွှန်နေဟန် တည်ဆောက်ထားပါတယ်။ ရုပ်ပွားတော်ရဲ့ အမြင့်ဟာ ၆၇ ပေ ၆ လက်မ ရှိတယ်။ ရှေးဟောင်းဘုရားတော့ မဟုတ်ပါဘူး။ ၁၉၉၂ ခုနှစ်မှ တည်ထားတာပါ။ ဒါပေမဲ့ အရပ်စကားအရတော့ အရင်က ဒီနယ်မြေမှာ ရေတွေပြည့်နေတာတဲ့၊ ဗုဒ္ဓဘုရားရှင်ရောက်လာတဲ့အခါ အခု ရပ်တော်မူနေရာကနေ လက်ညှိုးညွှန်လို ရေတွေကို တစ်နေရာတည်းမှာ စုဝေးစေတယ်တဲ့။ ဒါကြောင့် ဒီနောင်တုံကန်ဟာလည်း ဖြစ်ပေါ်လာတယ်လို့ ကြားရတယ်။ ဒါကြောင့်လည်း ဒီနေရာမှာ ရပ်တော်မူ ရုပ်ပွားတော်ကို တည်ထားတယ်လည်းဆိုပါတယ်။
နောင်တုံကန်ကတော့ သိပ်သာယာတယ်။ ရန်ကုန်မှာ ကန်တော်ကြီးရှိသလို ဒီမှာ နောင်တုံကန်ရှိနေတာဟာ အပန်းဖြေစရာနေရာတစ်ခုလိုပဲ။ သပ်သပ်ရပ်ရပ်လေး နဲ့ နောင်တုံကန်ကို ပတ်ပြီး ဆိုင်ကောင်းတော်တော်များများလည်း ရှိနေတယ်။ ခေါက်ဆွဲဆိုင်၊ ကော်ဖီဆိုင် က အစ အကင်ဆိုင် ဘီယာဆိုင်တွေထိကို စည်စည်ကားကား ရှိနေတဲ့နေရာပါ။
.
လွတ်လပ်ရေးကျောက်တိုင်
■■■■■■■■■■■■■■■■■
လွတ်လပ်ရေးကျောက်တိုင်က သပ်သပ်သွားလည်နေစရာမလိုဘဲ မြို့လယ်တစ်နေရာမှာ ယာဉ်သွား အဝိုင်းအနေနဲ့ ရှိနေပါတယ်။ ရဲစခန်းရှေ့တည့်တည့်မှာပါ။ ကျိုင်းတုံမြို့မဈေးနဲ့လည်း နီးပါတယ်။
.
မဟာမြတ်မုနိဘုရား (ဘုရားကြီး)
■■■■■■■■■■■■■■■■■■■
နောင်တုံကန်နဲ့ မနီးမဝေး မြို့လယ်မှာပဲ ယာဉ်သွားအဝိုင်းပတ်အလယ်မှာ ရှိနေတဲ့ မဟာမြတ်မုနိဘုရားကြီး ကိုလည်း မဖြစ်မနေ လည်ပတ်ဖူးမြော်သင့်ပါတယ်။ အရင် ဟော်နန်းဟောင်းကနေ အခု ဟိုတယ် အဖြစ် ဖြိုဖျက်ဆောက်လိုက်တဲ့နေရာရဲ့ မျက်စောင်းထိုးလေးမှာပါ။ စော်ဘွား စဝ်ကောင်ကျောက်အင်တလိုင် က တည်ထားခဲ့တယ်လို့ သိရပါတယ်။ မန္တလေးက မဟာမြတ်မုနိပုံတော်နဲ့ ရုပ်ပွားတော်ပုံစံတူ ဖြစ်ပါတယ်။ ဘုရားကြီးတစ်ဝိုက်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းဆောင်တွေဟာလည်း ဓါတ်ပုံရိုက်ဖို့အတွက် ကောင်းတဲ့ အနုဟန်တွေ ရှိနေပါတယ်။ ဂုံရှမ်းဟန်တွေပါ (ယိုးဒယားဟန်နဲ့ဆင်ပါတယ်)။ ထိုင်းက အလှူရှင်တွေက လာရောက် လှူဒါန်းပါဝင်ကြတယ်လို့ သိရပါတယ်။
.
စွန်တောင်ဘုရား (သို့မဟုတ်) စွန်ခမ်းဘုရား
■■■■■■■■■■■■■■■■■■■
အရင်ကတော့ ဒီစေတီတော်ကြီးဟာ ကြေးတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ စွန်တောင်းလို့ ခေါ်ရာကနေ အခုတော့ ရွှေဖြစ်သွားတဲ့အတွက် စွန်ခမ်းလို့ ပြောင်းခေါ်တယ်ဆိုပြီး ဒေသခံမိတ်ဆွေက ရှင်းပြပါတယ်။ ဒီအထဲမှာလည်း ဂုံရှမ်းပုံစံဆောက်လုပ်ထားတဲ့ တန်ဆောင်းတွေနဲ့ တည်ဆောက်ပုံထူးခြားပြီး စေတီကြီးမှာ ရုပ်ပွားတော်လေးတွေ ထည့်ထားပုံကလည်း ထူးခြားမှုရှိလို့ လာရောက်သင့်တဲ့နေရာလို့ ဆိုချင်ပါတယ်။
.
ကမ္ဘာအေးစေတီ
■■■■■■■■■■■
ဒီစေတီကိုတော့ မိုင်းလားလမ်းအတိုင်း အတော်လေး သွားရပါတယ်။ သွားရတာနဲ့ တန်တယ်လို့ဆိုရအောင် ဘုရားတောင်ပေါ်ကနေ ရှုခင်းအတော်လှတယ်။ ဘာလီအလား လှေကားထစ်စပါးခင်းတွေကို မြင်တွေ့ရသလို ရှမ်းရွာလေးတွေကို မြင်တွေ့ရတာဟာ အတော်ကြည်နူးစရာကောင်းတယ်။ ဦးနု ကျိုင်းတုံရောက်တဲ့အချိန်က အခု ကမ္ဘာအေးလို့ အမည်တွင်တဲ့ ထပ်စွမ်လွဲ ဘုရားကို သွားဖူးတဲ့အခါ အလွန်သဘောကျပြီး ရန်ကုန်မှာ တစ်ပုံတည်းတူအောင် တည်ထား ကိုးကွယ်ဖို့ စိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်ကမ္ဘာအေးဘုရားဟာ နှစ် ၆၀ ဝန်းကျင်ရှိနိုင်ပြီး ဒီ ကျိုင်းတုံက ကမ္ဘာအေးဘုရားကတော့ နှစ် ၅၀၀ အထက် ရှိနိုင်မယ်လို့ ယူဆကြပါတယ်။ ထူးခြားတဲ့ စေတီတည်ဆောက်ဟန် ဖွဲ့စည်းဟန်ရှိပါတယ်။ တစ်ဘက်ခြမ်းစေတီ နဲ့ တစ်ဘက်က ဓမ္မာရုံပုံစံ အခန်းကျယ်ကြီး အတွင်းပိုင်း ဖွဲ့စည်းမှုဟာ အတော်လေး အံ့အားသင့်စရာပါ။ ခန်းမကျယ်ကြီး တစ်ခုလုံး အတွင်းအပြင်ကို ဘုရားရုပ်ပွားတော် သေးသေးလေးပေါင်း များစွာနဲ့ နံရံကပ် ဆင်ယင်ထားတာ အတော်လေး ကြည်ညိုဖွယ်ရှိပါတယ်။
.
ကိုရင်လေးကျောင်း
■■■■■■■■■■■■■
ဒီကမ္ဘာအေးစေတီနဲ့ သိပ်မဝေးတဲ့နေရာမှာပဲ အဲန် လူမျိုး ရွာလေးတွေ ဖြတ်ပြီးသွားရင် ဟင်္သာပုံ တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းကိုလည်း ခရီးသွားတွေ လာရောက်ဖူးမြော်ကြတယ်။ ဘုန်းတော်ကြီး စာသင်ကျောင်းလို့ ဆိုရအောင် အထဲမှာ ကိုရင်တွေကို စာသင်နေတာ တွေ့ရတယ်။ သင်္ဘောပုံစံ တည်ဆောက်ထားပြီး နောက်မှာ ဟင်္သာအမြီး နဲ့ ရှေ့မှာ ဟင်္သာခေါင်းကို သေချာလုပ်ပြီး ဘုရားစေတီတွေ တည်ထားတယ်။ ဘေးမှာ ချောင်းလေးဆင်းနေတော့ ဟင်္သာငှက် ရေထဲမှာ ကူးနေပုံနဲ့တူနေပါတယ်။ ဘေးမှာက စိုက်ခင်းတွေကလည်း လှလွန်းလို့ လာတဲ့ခရီးဝေးကို မေ့သွားစေတယ်။
.
ဝပ်အင်းဘုန်းကြီးကျောင်း
■■■■■■■■■■■■■■■■■
ဒီဘုန်းကြီးကျောင်းရဲ့ ဟန်ကလည်း ဂုံရှမ်းဟန်ပါပဲ။ ရှေးဟောင်းဘုန်းကြီးကျောင်းလို့ ဆိုကြတယ်။ ထူးခြားစွာပဲ ပန်းပုလက်ရာဆန်းတွေနဲ့ အတွင်းအပြင်ကို ဆင်ယင်ထားတယ်။ ဘုရားကြီးရှိတဲ့ အခန်းကို မရောက်ခင် အဝင်ပေါက်နဲ့ အတွင်းခန်းကြား နေရာလွတ်လေးမှာ စည်ကြီးတစ်ခုကိုလည်း ထားထားတာ တွေ့တယ်။ ဒီမှာက ဘုရားတွေမှာ ခေါင်းလောင်းလည်းထားသလို၊ စည်ကြီး (ဗုံ) တွေလည်းထားတယ်။ မောင်းတွေလည်းထားတယ်။ ထူးခြားမှုတစ်ခုလို့ ဆိုရမယ်။ ဝပ်အင်းဘုန်းကြီးကျောင်းဟာ နှစ်ပေါင်း ၆၀၀ ကျော်ပြီလို့ ဆိုပါတယ်။ ဒီ ဝပ်အင်းဘုန်းကြီးကျောင်းဝန်းထဲက အဆောင်တွေဟာလည်း ဓါတ်ပုံရိုက်လိုသူတွေအတွက် အတော်လှတဲ့ အနေအထားရှိတယ်။
.
ပါလျန်တံခါး
■■■■■■■■■
မြို့တွင်းမှာပဲ ရှိနေပြီး သွားလာရ လွယ်ကူတဲ့ နေရာမှာ ယနေ့တိုင်လည်း အသုံးပြုနေဆဲ ရှေးမြို့ရိုးဟောင်း ဖြစ်ပါတယ်။ အေဒီ ၁၈၁၉ တုန်းက တည်ဆောက်ခဲ့တဲ့ တံခါးဂိတ်ဖြစ်ပါတယ်။ ကျိုင်းတုံရဲ့ တံခါး ၁၂ ပေါက်မှာ ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော တံခါးလည်း ဖြစ်ပါတယ်။ သိပ်ပြီး ထူးမခြားပေမဲ့ ရှေးအဆောက်အဦးတစ်ခုအဖြစ် အသိအမှတ်ပြုစရာပါ။ ဒေသရဲ့ အထိမ်းအမှတ်လို့လည်း ခေါ်ဆိုနိုင်မယ်ထင်ပါတယ်။
.
ကျိုင်းတုံရေပူစမ်း
■■■■■■■■■■■
ကျိုင်းတုံမြို့ကနေ အရှေ့တောင်ဘက် ကားလမ်းအတိုင်း လာရင် ခြောက်ကီလိုမီတာလောက်အကွာမှာ ရေပူစမ်းရောက်ပါတယ်။ ရေပူစမ်းသွားတဲ့လမ်းက မိုးတွင်းမှာ နည်းနည်းဆိုးပါတယ်။ မြေသားလမ်းဖြစ်လို့ပါ။ သွားရတာ နည်းနည်းလှမ်းပေမဲ့ ရှုခင်းလေးတွေလှတော့ ကျေနပ်စရာကောင်းပါတယ်။ ရေပူစမ်းက သိပ်ပြီး သန့်ရှင်းနေတာမျိုးတော့ မရှိပါဘူး။ Private ခန်းတွေနဲ့ ချိုးရတဲ့ သဘောပါ။ အပြင်မှာ ချိုးဖို့ ကန်မရှိပါဘူး။ ရှိတဲ့ ကန်ကလည်း ရေတွေ အရမ်းပူပါတယ်။ ကန်အကြီးတစ်ကန်ကို အုတ်တံတိုင်းခတ်ထားပြီး ကန်အသေးကိုတော့ ဒီအတိုင်းဖွင့်ထားပေးပါတယ်။ စားသောက်တန်းနဲ့ နားနေဆောင်တွေရှိတယ်။ မြက်ခင်းကျယ်ကြီးရှိတယ်။ အပန်းဖြေလာသူများရင် ဒီမြက်ခင်းနေရာတွေတောင် ပြည့်ကျပ်နေတတ်ပါတယ်။ ရာသီဥတု အေးတဲ့ ဆောင်းတွင်းလိုကာလတွေမှာ လာပြီးအပန်းဖြေကြတာများပါတယ်။ စားသောက်ဆိုင်တန်းတွေက အစားအသောက်မှာတယ်။ ကြက်ဥခြင်းဝယ်တယ် (တစ်ခြင်းကို ၅ လုံးလောက်ပါပြီး တစ်ထောင်ကျပ်ပေးရတယ်)။ ဒါဆို ဖျာလေးတွေ ငှားပေးတယ်။ ဖျာလေးတွေ ယူပြီး မြက်ခင်းမှာ ခင်းနားကြတယ်။
.
ကျိုင်းတုံဘူတာ
■■■■■■■■■■
ရထားဆွဲမယ်ဆိုပြီး ဖွင့်ပွဲတွေလုပ်ခဲ့ပေမဲ့ လက်တွေ့ မဆွဲနိုင်ခဲ့တဲ့ ကျိုင်းတုံဘူတာ က လေ့လာစရာ မရှိပေမဲ့ ခရီးသွားဓါတ်ပုံရိုက်လိုသူတွေအတွက် ဆက်တင်ကောင်းကောင်း ဖြစ်နိုင်တာတော့ အသေအချာပါပဲ။ ကျိုင်းတုံ တက္ကသိုလ်နဲ့ အနီးမဝေးမှာ တည်ရှိပါတယ်။ ဘူတာကိုတော့ ပိတ်ထားပြီး အနီးအနားမှာ ရထားတွဲ အပျက် ၃ တွဲ ဟာ ဓါတ်ပုံရိုက်ဖို့ အနေအထားကောင်းမှာ ရှိပါတယ်။ မသိရင် Train to Busan ဇာတ်ဝင်ခန်းလိုလိုပါပဲ။ ကြားရတာတော့ နောက်ဆို ဒီနေရာကို အဝေးပြေးကားကြီးကွင်း လုပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရကြားရပါတယ်။
.
ဗုဒ္ဓဥယျာဉ်နဲ့ ကဗျာသင်္ချိုင်း
■■■■■■■■■■■■■■■■■■■
မြို့ခံ မိတ်ဆွေရဲ့ ဆိုင်ကယ်နဲ့ တစ်နာရီကျော်ကျော် သွားရတဲ့ ပန်ကွဲရွာက ဗုဒ္ဓဥယျာဉ်နဲ့ ကဗျာသင်္ချိုင်းဟာလည်း မသွားမဖြစ် ရောက်သင့်တဲ့နေရာအဖြစ် ညွှန်းဆိုချင်ပါတယ်။ ခုလိုချိန်သွားရင် လယ်ကွင်းစိမ်းစိမ်းလေးတွေ ဖြတ်ပြီး သွားရတာမို့ ပျင်းစရာ သ်ိပ်မရှိဘူး။ ဟိုရောက်ရင် အဖြူရောင်အဆင်းနဲ့ ဗုဒ္ဓရုပ်ပွားတော် အကြီးကြီး ကို အံ့မခန်းဖူးမြင်ရမယ်။ အတော် သပ္ပါယ်တယ်။ အမြင့်ကြီးမှာ တည်ထားတာမို့ ရုပ်ပွားတော်က ပိုပြီး ကြီးလို့မြင့်နေတယ်။ အဲ့ဒီနေရာကနေ ဆက်တက်သွားရင် တောင်စခန်းဥယျာဉ်လေးတစ်ခုလို ရေတံခွန်၊ ရေကန်တွေနဲ့ ဘုန်းကြီးကျောင်းကိုတွေ့မယ်။ အဲ့ဒီကနေ ဆက်တက်ပြီး တောင်ပေါ်ရောက်ရင် သိပ်လှတဲ့ ကဗျာသင်္ချိုင်းဆိုတာတွေ့မယ်။ ဝစီပိတ်ဆရာတော်ရဲ့ စိတ်ကူးကို တစ်ဦးတစ်ယောက်က အကော်အထည်ဖော်ပေးတာလို့ ဆိုတယ်။ နှင်းဆီပန်းပင်လေးတွေ အစုလိုက် အစုလိုက် လှနေတယ်။ ဘုရားဆင်းတုတော်တွေလည်း သူ့တန်ဆောင်းနဲ့သူ ရှိနေသလို ထူးခြားတာက ကဗျာကောင်း စာကောင်းလေးတွေကို ကျောက်ပြာပေါ်ရေးထိုးပြီး အုတ်ဂူပုံစံ အုတ်တုံးလေးတွေပေါ် တင်ပေးထားတာပဲ။ ကျွန်တော် အတော်များများ ဖတ်ကြည့်ဖတ်တယ်။ တချို့က ဘာသာရေးကဗျာလေးတွေ၊ တချို့က မျိုးချစ်စိတ်နဲ့ဆိုင်တာလေးတွေ၊ တချို့က ဘဝအတွေးအခေါ်၊ တချို့ကိုတော့ ရှမ်းဘာသာနဲ့ ရေးထိုးထားတယ်။ ဒီဂူလေးတွေအပြင် နံရံတွေမှာပါ ချိတ်ထားတာက အတော် လိုက်ဖက်နှစ်လိုဖွယ်ဖြစ်နေတယ်။ ကျိုင်းတုံမှာ သဘောအကျဆုံးနေရာတွေထဲက တစ်ခုလို့ ဆိုပါရစေ။
.
စော်ဘွားအုတ်ဂူ
■■■■■■■■■■■
စော်ဘွားဈေးနေ့မှာသာ ဒီအုတ်ဂူရှိရာ သင်္ချိုင်းကို ဖွင့်တယ်လို့ ဆိုကြတဲ့ စော်ဘွားအုတ်ဂူက ဈေးတန်းကြီးလမ်းမှာ ရှိနေပါတယ်။ အတွင်းကို ဝင်လေ့လာဖို့ ခက်ပါတယ်။ တစ်နှစ်မှာ တစ်ရက်လောက်ပဲ ဖွင့်တယ်လို့ သိရပါတယ်။ စော်ဘွားဈေးပွဲတော်ကာလမှာတော့ ဒီနေရာဟာ အတော်စည်ကားတဲ့ နေရာဖြစ်သွားပါတယ်။
.
RCM ရိုမန်ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း
■■■■■■■■■■■■■■■■■■■
ရပ်တော်မူ ဘုရားကြီးနဲ့ ဝန်းချင်းကပ်လျက် ရှိနေတဲ့ ရှေးဘုရားကျောင်းကြီးပါ။ နှစ်ပေါင်း ရာချီနေပြီလို့လည်း သိရပါတယ်။ ဒီဘုရားကျောင်းကြီးရဲ့ အတွင်းမှာတော့ အတော်လှပတဲ့ ဖွဲ့စည်းမှုရှိတယ်ဆိုပေမဲ့ ကျွန်တော် ဝင်ရောက်လေ့လာခွင့်မရခဲ့ပါဘူး။ စည်းကမ်းလည်း ကြီးပုံရပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာတောင် နိုင်ငံခြားသားတချို့ လမ်းညွှန်နဲ့ ဘုရားကျောင်းကြီးကို အပြင်ကနေ ပတ်ကြည့်နေတာ တွေ့ခဲ့ရပါတယ်။
.
ဧမာနွေလ နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း
■■■■■■■■■■■■■■■■■■■
နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ ဧမာနွေလ ဘုရားကျောင်းဆီ အလည်ရောက်ဖြစ်ခဲ့ပါတယ်။
.
ပန်လော့ရွာ
■■■■■■■■■
ဒီရွာက ပန်ကွဲရွာကို သွားတဲ့အခါ (တာချီလိတ်ဘက်) လမ်းမှာ ဖြတ်သွားရတာပါ။ ဒီရွာဟာ ဆန်အရက်ချက်တာမို့ ရွာကဖြတ်သွားရင် ချဉ်နံ့လေးတစ်မျိုးရပါတယ်။ ဒီစပါးအရက်ကို ခရီးသွားတွေရော ဒေသခံတွေပါ နှစ်သက်ကြပါတယ်။ အထားလည်းခံတယ်လို့ သိရတယ်။ တချို့လည်း ပုလင်းလိုက်ဝယ်ပြီး အပြန်လက်ဆောင်ယူကြတယ်တဲ့။ ကျွန်တော်ကတော့ အလုပ်ကိစ္စကြောင့် သောက်ခွင့်မရလိုက်ဘူး။
.
.
စားသောက်ရမဲ့နေရာတွေကိုတော့ ဓါတ်ပုံပေါ်မှာ ကြည့်ပေးပါ။ အားလုံးစုစည်းပေးထားပါတယ်။
.
.
■■■■■■■■■
တည်းခိုစရာ
■■■■■■■■■
ကျိုင်းတုံမှာ တည်းခိုဖို့ဆိုရင် ရွှေကမ္ဘာဟိုတယ်၊ နောင်တုံဟိုတယ်။ ကျိုင်းတုံ Resort (ယခင် ဟော်နန်းနေရာ)၊ စတဲ့ ဟိုတယ်တွေ ရှိပါတယ်။ ကျွန်တော် သွားတုန်းကတော့ ဖွင့်တာ မကြာသေးတဲ့ Amitta Hotel မှာ တည်းဖြစ်တယ်။ သူက ကျိုင်းလိန် ၁ လမ်းမှာ ရှိပါတယ်။ ပါလျန်တံခါးနဲ့ နီးသလို၊ ကျိုင်းတုံမြို့မဈေးနဲ့လည်း နီးတယ်။ သွားရလာရ အဆင်ပြေသလို အခန်းလည်းသန့်တယ်။ ဝန်ဆောင်မှုလည်းကောင်းတယ်။ လည်ဖို့ပတ်ဖို့ ဆိုင်ကယ်ငှား၊ ကားငှားကအစ ဝန်ဆောင်မှုပေးတယ်။ မနက်စာလည်း ပါဝင်ပြီး အခန်းခကလည်း ၃၅၀၀၀ နဲ့ ၂၅၀၀၀ ပဲ ရှိတယ်။ ရှေ့ခန်းနောက်ခန်းပေါ်မူတည်ပြီး ဈေးကွာသွားတာ။ ဒီမှာလည်း တည်းကြည့်နိုင်တယ်။
.
.
ဒီလောက်ဆို ကျိုင်းတုံအကြောင်းက အတော်စုံပြီထင်ပါတယ်။ လွယ်မွေ ဘက်ကို ကျွန်တော် သွားဖို့ ကြိုးစားပေမဲ့ အချိန်အရမ်းနည်းတော့ ကိုယ်တိုင်မရောက်ဖြစ်ဘူး။ ကျွန်တော့် မိတ်ဆွေတချို့တော့ ရောက်သွားခဲ့လို့ နှစ်တစ်ရာအိမ်ကို လည်ပတ်ခဲ့ကြတယ်။ ချယ်ရီပွင့်တဲ့အချိန်ပိုလှတယ်ဆိုတဲ့ လွယ်မွေကို ဒီဇင်ဘာ၊ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီ ချယ်ရီပွင့်ချိန်ကျ လာကြည့်ချင်မိပါသေးတယ်။ ကျိုင်းတုံဟာ ရာသီဥတု၊ လူနေထိုင်မှု၊ အစားအသောက် အားလုံး ကျွန်တော်သဘောကျတဲ့အရပ်ဒေသမို့ တစ်ချိန်တော့ သေချာပေါက်ထပ်လာပါဦးမဲ့နေရာဆိုတာ အသေအချာပါပဲဗျာ။
ဒီကျိုင်းတုံခရီးစဉ်မှာ ကျွန်တော့်ကို မငြီးမငြူ ကူညီပို့ဆောင်ပေးခဲ့တဲ့ ဒေသခံ မိတ်ဆွေ ညီငယ်တွေဖြစ်ကြတဲ့ Maung Sai Moan နဲ့ ဒေသခံဧည့်လမ်းညွှန် Sai Sheng Sonn တို့ နှစ်ဦးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းပြုပါတယ်ဗျ။
.
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ၊ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
Thiha, the Traveller @ သီဟလုလင်

Design a site like this with WordPress.com
Get started